Saturday, May 4, 2019

သရဲမကြောက်တတ် သူများ၏ သွေးပျက်ည

အခုကျနော်ရေးတဲ့ ''သရဲမကြောက်တတ် သူများ၏ သွေးပျက်ည''ဆိုတဲ့ postဟာ ၁၁လပိုင်း ၁၃ရက်နေ့ သောကြာနေ့ညက အမြန်လမ်းမပေါ်မှာသရဲတွေ တကယ်ရှိမရှိ စမ်းသတ်ခဲ့ကျတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ရဲ့ အဲဒီညက ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာပါ…


ဒါပေမယ့် ကျနော့်ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ သရဲမကြောက်တတ်တဲ့ အဖွဲ့ခေါင်းဆောင် မင်းနေရဲ့ အကြောင်းကို အရင်ပြောပြမှာပါ…

{ဟိုဘက်ခြံက ပါဝါရိန်းဂျားဆိုတဲ့ post} ထဲက မင်းနေပါ…သူ ငယ်စဉ်ကလေး ဘဝကတည်းက သရဲဆိုတာကို အကောင်အထည်လိုက် မြင်ခဲ့ရသလို သရဲနဲ့တောင် စကားပြောခဲ့ဖူးသူပါ…သရဲကိုတောင် ပါဝါရိန်းဂျားလို့ ထင်ပြီး လေးစားအားကျခဲ့ရသူ…

မင်းနေတစ်ယောက်…

သူရန်ကုန်ရောက်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ဖြစ်တယ်ဆိုတာ အရင်ပြောပြမှာ ဖြစ်ပါတယ်…

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေရာမှာ စာဖတ်သူတွေကို သတိပေးစရာရှိပါတယ်…သရဲ တစ္ဆေ နာနာဘာဝနဲ့ မကျွတ်မလွတ်သေးတဲ့ ပရလောကသားတွေဟာ အမြန်လမ်းပေါ်မှာမှ ရှိတာမဟုတ်ပါဘူး နေရာတိုင်းမှာ ရှိကြပါတယ်…ကျနော့်ဇာတ်လမ်းတွေကို ဖတ်ပြီး အမြန်လမ်းပေါ်ခရီးသွားကျတဲ့ အခါ ဘာမှစိတ်ထဲ မထားကျပါနဲ့…ကျနော်က အမြန်လမ်းပေါ်က မကျွတ်မလွတ်သူများအကြောင်းကို ရေးတယ်ဆိုတာကလည်း ကံမကောင်းအကြောင်းမလှလို့ အမြန်လမ်းပေါ်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေနဲ့ သူတို့ရဲ့ ဆွေမျိုးသားခြင်းတွေကို စော်ကားလိုစိတ်ကြောင့် ရေးဖွဲ့ခြင်းမဟုတ်ပါ…ဝတ္ထုကို ဝတ္ထုလိုပဲ သဘောထားပြီး ဖတ်ပေးကျပါလို့ မေတ္တာရပ်ခံရင်း ကျနော့်စာကြောင့် တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရမယ်ဆိုရင်ဖြင့် ရိုသေလေးစာစွာတောင်းပန်အပ်ပါတယ်…

ခင်ဗျာ…ကျိန်းသေတာကတော့ အမြန်လမ်းအကြောင်းရေးသားသူဟာ ကျနော်တစ်ယောက်ထဲ မဟုတ်သလို အမြန်လမ်းပေါ်မှာ မကျွတ်မလွတ်သူတွေ ရှိနေတယ်ဆိုတဲ့ အချက်ကတော့ မည်သူမျှငြင်းပယ်လို့မရတဲ့ အမှန်တရားတခုဆိုတာပါပဲ…

အခုကျနော်အပေါ်မှာ သတိပေးရှင်းပြခဲ့တဲ့ အချက်တွေကို လက်ခံနိုင်မှ ဆက်ဖတ်ကျပါလို့ မေတ္တာရပ်ခံပါတယ်…လက်မခံနိုင်ရင် ဆက်မဖတ်ကျပါနဲ့ ခင်ဗျာ…အဆုံးထိ ဖတ်ပြီးသွားမှ ကျနော်အပေါ်အပြစ်တင်ဝေဖန်မယ် ဆိုရင် ကျနော်လက်ခံပေးမှာ မဟုတ်ပါဘူး…နောက်တစ်ခုက အခုရေးဖွဲ့တဲ့ အကြောင်းအရာဟာ ရှည်လျားလွန်းနေတာကြောင့် အပိုင်းခွဲရေးမှ အဆင်ပြေမှာဖြစ်လို့ အပိုင်းလေးတွေအဖြစ် ခွဲရေးလိုက်ရတယ်ဆိုတာကို လေးစားစွာ အသိပေးအပ်ပါတယ်…ခင်ဗျာ… 

~~~~~~~~~~~~~~~~~~~~~~~~~~~~

သရဲမကြောက်တတ်သူများ အဖွဲ့ စတင်ဖြစ်ပေါ်လာပုံနဲ့ မင်းနေရဲ့ ငယ်ဘဝကောက်ကြောင်း…

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျနော့် နာမည် မင်းနေပါ…

ကျနော် အရွယ်မရောက်ခင် ကလေးဘဝ အတန်းကျောင်းသားအရွယ် ရန်ကုန်ကို စပြောင်းလာကတည်းက သရဲ တစ္ဆေ ဝိဥာဉ်တွေ အကြောင်းရေးတဲ့ စာအုပ်တွေရှာဖတ်တယ် videos ကားတွေကြည့်တယ်…တစ်ခါတလေ သူငယ်ချင်းတွေ စုပြီး အုန်းမှုတ်ခွက်သရဲ …့ သရဲရောက်လာရင် စားပွဲခုံကို လှုပ်ပြတဲ့ သရဲ …ခြေကလိမ်မ သရဲ နဲ့ စက်ဝိုင်းပုံစံ လူတွေလက်ချင်းချိတ်ပြီး ဝိဥာဉ်ခေါ်တာ စသည်ဖြင့် မျိုးစုံစမ်းသပ်ပြီး ခေါ်ကြည့်ဖူးပါတယ်…ရတဲ့ အခါလည်းရပေမယ့် မရတာများပါတယ်…တချို့တချို့သော သရဲတစ္ဆေ ဝိဥာဉ်ခေါ်နည်းတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပြီး လက်တွေ့ခေါ်တဲ့ အခါ မလာဘူးဆိုတာကို သိရှိခဲ့ရပါတယ်…

ခေါ်လို့ရတဲ့အခါမှာလည်း သရဲတကယ်ဝင်လာပြီဆိုရင် အတူခေါ်ကျတဲ့ သူငယ်ချင်းတွေက ထွက်ထွက်ပြေးကျလို့ စိတ်ပျက်တာနဲ့ နောက်ပိုင်းတော့ အုပ်စုလိုက်ခေါ်ရတဲ့ သရဲခေါ်နည်းတွေကို မစမ်းသပ်ဖြစ်တော့ပါဘူး…


ဒါပေမယ့် ကျနော်ရဲ့ ဝါသနာကိုက သရဲတွေနဲ့ ကစားရတာ သရဲတွေကိုလိုက်ရှာပြီးကြည့်ရတာ ဖြစ်နေလေတော့ အဖွဲ့လိုက်လုပ်စရာမလိုတဲ့ သရဲခေါ်နည်းတွေကို ဘယ်သူ့ကိုမှ အသိမပေးပဲ ကျနော်တစ်ယောက်တည်း

စတင်စမ်းသပ်ကြည့်ခဲ့ပါတော့တယ်…သရဲလာမလာ ခေါ်ပြီးစမ်းသပ်ရတဲ့ သရဲခေါ်နည်းတွေထဲမှာ ကျနော့်အကြိုက်ဆုံး နည်းတခုရှိပါတယ်…အဲဒါက သရဲကိုအစာကျွေးပြီးခေါ်တဲ့နည်းပါ ၉၀%ကျော်လောက် သရဲနဲ့တွေ့ဖို့ ကျိန်းသေတဲ့နည်းလည်းဖြစ်ပါတယ်…အဲလိုနည်းမျိုးစုံနဲ့ စမ်းသတ်ခဲ့သလို ပရလောကနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အမြဲလိုလို နားစွံ့နေခဲ့တယ် ဆိုပါတော့ ဗျာ…ဘယ်နေရာမှာတော့ သရဲခြောက်နေတယ်…ဘယ်နေရာမှာ ပုဏ္ဏကတိုက်ခံရလို့ …ဘယ်နေရာမှာတော့ အောက်လမ်းနဲ့ ပြုစားထားလို့ သောင်းကျန်းနေတယ်…ဘယ်အိမ်မှာ ဘာဖြစ်လို့ အထက်လမ်းဆရာပင့်ပြီး ကုနေတယ်…ဆိုတဲ့ သတင်းတွေကြားပြီဆိုတာနဲ့ကျနော် ထိပ်ဆုံးက ပြေးကြည့်တယ်…အဲလောက်အထိ သရဲတစ္ဆေနဲ့ ပတ်သက်ရင် ဝါသနာကြီးတဲ့ သူပါ… 

••••••••

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကဖြစ်ခဲ့တဲ့ မင်းဓမ္မလမ်းပေါ်က ဆောက်လက်စတိုက်ကွန်ဒိုမှာ ညညဆို သရဲမတစ်ကောင် လေပေါ်မှာ ပျံပြီး ဟိုဘက်တိုက်နဲ့ ဒီဘက်တိုက်ကူးနေတယ်ဆိုတဲ့ သတင်းကြားတုန်းကလည်း ကျနော်သွားကြည့်လိုက်တာပဲ…မြေနီကုန်းက TVရောင်းတဲ့ဆိုင်ကို ပုဏ္ဏကအတိုက်ခံရတော့လည်း ကျနော်သွားကြည့်တယ်…

နောက်တခုကတော့ ကြည့်မြင်တိုင်မြို့နယ်ထဲက မူလတန်းကျောင်းမှာ ကလေးတွေကို သွေးနဲ့ပက်တယ် ဆိုတဲ့သတင်းကြားတော့လည်း သွားကြည့်လိုက်သေးတယ်…သရဲ တစ္ဆေပရလောကနဲ့ ပတ်သက်လို့ကတော့ လာထားပဲ…မလွတ်စတမ်းကို အားပေးပြီးသား…အဲလိုကိစ္စ ဆိုလို့ကတော့ ကျနော်မင်းနေကEver Ready အမြဲတမ်းအဆင်သင့်ပဲ…အခုပြောပြနေတာတွေက ကျနော် မင်းနေ ရန်ကုန်ကိုပြောင်းပြီးနောက်ပိုင်း ကိစ္စတွေဆိုပါတော့ဗျာ…အရွယ်ရောက်လို့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရတော့လည်း သရဲပိုးကမသေဘူး…ကျောင်းမှာ သရဲရှိလား ဘာလားညာလား ကန်တင်းထိုင်ရင်း လျှောက်စုံစမ်းသေးတယ်…မနက်အစောကြီးကျောင်းလာရင် တချို့ကသရဲတွေ့တယ်ဆိုလို့ အစောကြီးထပြီး ကျောင်းကိုလာချောင်းရတာလည်းအမော…ပြီးတော့ ဘာမှလည်းမတွေ့ပါဘူး…

ဒါနဲ့ကျောင်းမှာ တစ်ယောက်ထဲနောက်ကျကျန်နေခဲ့ပြီး သရဲနဲ့တွေ့မလား လျှောက်အရှာ ကောင်းလို့ မသင်္ကာမှု့နဲ့ မော်ကွန်းထိန်း ရုံးခန်းပါ တစ်ခေါက်ရောက်ရသေးတယ်…

•••••••

သရဲ တစ္ဆေ အပေါ် ကျနော် ဘယ်လောက်အထိ ဝါသနာကြီးပြီး ရူးသွပ်လည်းဆိုရင် ကျနော်တို့နေတဲ့ အိမ်နားတဝိုက်မှာ ကားတိုက်တာ ရထားကြိတ်တာ လူသတ်မှု့ဖြစ်တာနဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ သတင်းတွေကြားတာနဲ့ အနည်းဆုံး ၇ရက်လောက်တော့ အဲဒီ အစိမ်းသေတွေ သေတဲ့နေရာနားမှာ ခြောက်မလားဆိုပြီး သိချင်မြင်ချင်တာနဲ့ မယောင်မလည် သွားသွားလုပ်တတ်တယ်…

တစ်ခါတလေတော့လည်းတွေ့တတ်ပါတယ်…နောက်ပိုင်းတော့ သရဲတစ္ဆေတွေက ကြောက်တတ်သူကမှ ပိုချောက်သလားလို့တောင် သံသယဝင်လာမိတယ်…ကျနော့်ကို ကြောက်အောင်ခြောက်တဲ့ သရဲ မတွေ့လေ ကျနော်က လိုက်ရှာလေပဲ…ဆိုပါတော့ …အော် ပြောဖို့မေ့သွားလို့ ရန်ကုန်တက္ကသိုလ် မိန်းထဲက နာမည်ကြီး ကျောပေါက်သရဲဆိုတာလည်း သွားရှာဖူးသေးတယ်… ဒါပေမယ့် မတွေ့ခဲ့ပါဘူး…

••••••••••••

လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျနော် Face Book စသုံးဖြစ်တယ်…အဲဒီအချိန်ကတည်းက သရဲ gpတွေ pageတွေကို ကျနော်လိုက်ရှာပြီး addတယ်…သူတို့ရေးတဲ့ ဖြစ်ရပ်မှန်ဆိုတာတွေထဲက ကျနော်နေတဲ့နေရာနဲ့ နီးရင် သွားလေ့လာကြည့်တယ် တကယ်ဟုတ်မဟုတ်ဆိုတာကိုပေါ့…

gpတွေထဲမှာစာတွေဖတ်ရင်း သရဲမတွေ့ဖူးလို့ တွေ့ဖူးချင်တယ်လို့ မန့်တဲ့သူတွေ သရဲမကြောက်ဖူးလို့ပြောတဲ့ သူတွေကို ကျနော်လိုက်ဆက်သွယ်တယ်…ပြီးတော့ သူတို့တကယ်မကြောက်တာလား တကယ်တွေ့ချင်တာလား ဆိုတာတွေကို ကျနော်စမ်းသတ်ခဲ့တဲ့နည်းတွေအတိုင်းစမ်းသတ်ခိုင်းတယ်…တော်တော်များများက ပြန်ပြေးကျတာများပါတယ်…

တကယ်စမ်းဆိုတော့ စမ်းရဲတဲ့သူက ရှားပါတယ်…အဲလိုလူတွေ လိုက်စုတာ ကျနော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေလိုချင်လို့ပါ…အဲလိုနဲ့ ရှာလိုက်တာ စိတ်တူကိုယ်တူ သူငယ်ချင်း ၆ယောက်ရတယ်…

တကယ်မကြောက်တတ်သလို သရဲအကြောင်းကို စိတ်ဝင်စားကျသူတွေဆိုပါတော့…အဲဒီ ၆ယောက်ထဲမှာ အမွှာ ညီအကို ၂နဲ့ ရှားရှားပါးပါး မိန်းခလေးတစ်ယောက်ပါပါလာတယ်…ဟဲဟဲ အဲဒီမိန်းခလေးက နောက်ပိုင်းကျနော်နဲ့ ရည်းစားဖြစ်လာတယ် ဆိုတာလေးတော့ ကြေငြာဝင်တယ်ပေါ့ဗျာ…ကျနော်ပါပါတော့ ၇ယောက်ဆိုပါတော့…နာမည်တွေတော့ စာရှည်နေမှာစိုးလို့ မိတ်ဆက်မပေးတော့ပါဘူး…ကျနော်တို့ ၇ယောက်အဖွဲ့မှာ ကျနော်က သရဲအကြောင်း နှံ့စပ်တော့ ကျနော့်ကိုခေါင်းဆောင်တင်ထားတယ်…

ကျနော်ကပဲ ''သရဲမကြောက်သူများအဖွဲ့''ဆိုပြီး နာမည်ပေးလိုက်တယ်…ကျနော်တို့ စိတ်တူကိုယ်တူအဖွဲ့က ဘာတွေလုပ်လည်း ဆိုတာပြောပြမယ်…ကျနော်တို့တွေက သရဲနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို လိုက်ပြီးစုစည်းတယ်…ပိုက်ဆံစုတယ် ပြီးရင် သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ မြန်မာနိုင်ငံထဲက ဘယ်အရပ်ဒေသကို မဆို သွားပြီးလေ့လာခဲ့ကြတယ်…ပြီးခဲ့တဲ့ သုံးလမတိုင်ခင်အထိ ကျနော်တို့တွေရောက်ခဲ့တဲ့နေရာ တော်တော်စုံနေပြီ…ပြင်ဦးလွင်က သရဲခြောက်တယ်ဆိုတဲ့ ဟိုတယ်…ဧရာဝတီတိုင်း…ပဲခူးတိုင်းက သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးတွေ နေရာတွေ…ရန်ကုန်မြို့အနှံ့ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေ အစုံကို ကျနော်တို့ အဖွဲ့ရောက်အောင်သွားပြီး လေ့လာစုံစမ်းခဲ့ကျတယ်…တချို့နေရာတွေက တကယ်သရဲရှိပေမယ့် တချို့နေရာတွေကတော့ တကယ်မရှိတာကို အရှိလုပ်ပြီး လူတွေက လျှောက်ဖွကျတာများပါတယ်…ကျနော်တို့အဖွဲ့က အိမ်ပိုင်ရှင်တွေကို အရင်စုံစမ်းတယ်…ပြီးရင် ခွင့်တောင်းပြီး အိမ်ထဲမှာကို တစ်ညတန်သည် ၂ညတန်သည် ဝင်အိပ်ခဲ့ကျတယ်…အဲလိုတွေသွားကျတိုင်း များသောအားဖြင့် လူစုံကျပေမယ့် မစုံတဲ့ အခါလည်းရှိပါတယ်…တကယ်တော့ ကျနော်တို့ အဖွဲ့က စလောင်းကလာတဲ့ သရဲခြောက်တဲ့ နေရာတွေကို လိုက်လေ့လာ မှတ်တမ်းတင်ကျတဲ့ Ghost Hunter အဖွဲ့တွေကို အားကျပြီး လျှောက်လုပ်ခဲ့ကျတယ်ဆိုပါတော့…

ဒါပေမယ့် ကျနော်တို့ အားလုံးက သာမာန် လူလတ်တန်းစားမိသားစုတွေကြီးက ဆိုတော့ ကားတွေ video ကင်မရာတွေ မဝယ်နိုင်ခဲ့ဘူး…ကျနော်တို့မှာ ရှိတာဆိုလို့ ရိုးရိုးဓါတ်ပုံရိုက်တဲ့ ကင်မရာလေး တစ်လုံးပဲ ရှိတာပါ…သရဲဆိုတာကလည်း ပေါ်ချင်တဲ့ အချိန်ပေါ်လာပြီး ပျောက်ချင်တဲ့ အချိန်ပြန်ပျောက်သွားတတ်တာဆိုတော့…ဓါတ်ပုံကင်မရာနဲ့မှတ်တမ်းတင်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး…


ဒါနဲ့ပဲ ~~~~~


ကျနော်တို့ကို စပွန်စာပေးနိုင်မဲ့ ပိုက်ဆံရှိတဲ့ လူတွေကိုရှာရတော့သည်…ဖြစ်နိုင်လျှင် ကျနော်တို့က Ghost Hunter အဖွဲ့လို ညရိုက်ကင်မရာတွေ အသံတိုးတိုးလေးက အစဖမ်းနိုင်တဲ့ စက်တွေကို လိုချင်ခဲ့တာပါ…မြန်မာနိုင်ငံက လက်တွေ့သရဲလေ့လာ မှတ်တမ်းတင်မယ့် ပထမဆုံး အဖွဲ့အနေနဲ့ Tv အစီအစဉ်တွေမှာ ပါလာဖို့အထိ စိတ်ကူးရင်ထားကျသူတွေပါ…အဲဒါ ကျနော်တို့ သရဲမကြောက်သူများအဖွဲ့ရဲ့ အိပ်မက်ဆိုလည်း မမှားပါဘူး…ဒီလိုနဲ့ စပွန်စာ လိုက်ရှာရင်း မန်ဘာအသစ်တွေပါ လိုက်စည်းရုံးရေးဆင်းတော့ နောက်ထပ် ၄ယောက်ထပ်ရတယ်…အဲဒီ ၄ယောက်မှာ ၂ယောက်က ကျနော်တို့လိုပဲ ဝါသနာကြီးတဲ့ ဘဝတူလူလတ်တန်းစားတွေပါပဲ… ကျန်တဲ့ ၂ယောက်မှာ တစ်ယောက်က ပိုက်ဆံနည်းနည်းရှိတယ်…ကိုယ်ပိုင်ကားတွေတိုက်တွေနဲ့ဆိုပါတော့…နောက်ဆုံး ၄ယောက်မြောက်က ပိုက်ဆံရှိတယ်ဆိုတဲ့ အကိုရဲ့ ဦးလေးပါ… သူကအဖွဲ့ဝင်တော့ မဟုတ်ပါဘူး…သူက ကျနော်တို့အဖွဲ့ရဲ့ စိတ်အားထက်သန်မှု့ကို သဘောကျတာကြောင့်ရော သူ့တူအဆွယ်ကောင်းတာကြောင့်ပါ ကျနော်တို့ အဖွဲ့ကို ဘေးက ထောက်ပံ့ကူညီပေးမယ့် စပွန်စာအဖြစ်ပါဝင်လာတာပါ…သူတို့ထပ်ရောက်လာတော့ ကျနော်တို့အဖွဲ့အင်အားတောင့်သွားတယ်…လုပ်မယ့်အစီအစဉ်ကိုသာပြော သူတို့တူဝရီး၂ယောက်က အပြည့်အဝကူညီမယ်လို့ဆိုတာနဲ့ ကျနော်တို့အဖွဲ့က ပစ္စည်းကိရိယာစုံစုံလင်လင်နဲ့ စပြီးလေ့လာမှတ်တမ်းတင်ရမယ့် ပွဲဦးထွက်အတွက် အသေအချာပြင်ဆင်ဖို့လိုလာတော့တယ်…


ပြီးခဲ့တဲ့ ၁၀လပိုင်းကတည်းက ကျနော်တို့ ၁၀ယောက်အဖွဲ့က ကိစ္စတစ်ခုခုကိုလုပ်ဖို့တိုင်ပင်ခဲ့ကျတယ်…ဒီတခါ စမ်းသတ်မှု့ကို အကြီးကြီးလုပ်ကျမယ်ပေါ့…ကားကော videoကင်မရာက အစ စပွန်စာဦးလေးကြီးက ကူညီပေးမှာဆိုတော့ ဘယ်နေရာသွားပြီး ဘာလုပ်ကျမလဲလို့ တိုင်ပင်ကျတယ်…အဲလိုတိုင်ပင်ကျရင်း အမှန်မထင် ပြက္ခဒိန်ပေါ်က သောကြာနေ့နဲ့ ၁၃ရက်တိုက်နေတဲ့ ၁၁လပိုင်းကို သွားတွေ့တယ်…အဲဒီမှာ ကျနော်အကြံရသွားပြီး ကျနော့်အစီအစဉ်တစ်ခုကို ပြောပြလိုက်တယ်…ကျနော့် အစီအစဉ်က အဲဒီ ၁၃ရက်နေ့ သောကြာနေ့ညမှာ အမြန်လမ်းပေါ်သွားပြီး အမဲသားနဲ့ သရဲခေါ်မယ်…ပြီးရင်

မှတ်တမ်းတင်မယ်…လို့ ကျနော်ပြောလိုက်တော့…အားလုံး အံ့အားသင့်ကုန်ကျတယ်…ဘာလို့ အဲဒီနေ့ကိုမှ ရွေးလဲလို့ သိတဲ့သူတွေက မေးလာတယ်…သောကြာနေ့နဲ့ ၁၃ရက်တိုက်တဲ့ နေ့ဆိုတာက အနောက်နိုင်ငံက လူတွေလက်ခံယုံကြည်ထားကျတဲ့ (Unlucky Day)  ကံဆိုးမိုးမှောင်ကျတဲ့နေ့ဆိုတာကို အဖွဲ့ဝင် အားလုံးနီးပါး ကြားဖူးနေကျတာကြောင့် ကျနော့်ကို မေးခွန်းထုတ်ကျတာပါ…သူတို့မေးလာတော့ ကျနော်ပြောပြလိုက်တယ်…တမင်အဲဒီနေ့ကို ရွေးတာဆိုတဲ့အကြောင်း အဲဒီနေ့တင်မဟုတ်သေးဘူး ကျနော့်အစီအစဉ်က ကျန်သေးတယ်လို့ပါပြောပြီး…ကျန်နေသေးတဲ့ အစီအစဉ်တွေကိုပါ ပြောပြလိုက်တယ်…ကျနော့် အစီအစဉ် အသေးစိတ်က ဒီလို…

သွားမှာက Friday 13 ည…သွားမယ့် လူအရေအတွက်က ၉ယောက် သွားမယ့် ခရီးအကွာအဝေးက မိုင်တိုင် ၁၀၃ အထိလို့ပြောပြလိုက်တယ်…

အားလုံးနားမလည်ကျတော့လို့ ကျနော့်ကို ဝိုင်းကြည့်နေကျတယ် ဘာတွေလည်း နားမလည်တော့ဘူး လိုက်မမှီတော့ဘူးဆိုတဲ့ အမူအရာတွေဖြစ်ကုန်တယ်…ခေါင်းကုတ်သူက ကုတ်နေကျတယ်…ရှိတဲ့ လူက အဖွဲ့ဝင်တွေကြီးပဲ ၁၀ယောက် စပွန်စာ ဦးလေးကြီးပါလိုက်မယ်ဆိုရင် ၁၁ယောက်ရှိတယ်…အဲဒါကို ဘာလို့ ၉ယောက်ပဲ သွားမယ်လို့ ပြောတာလဲ …ပြီးတော့ ဘာလို့ မိုင်တိုင် ၁၀၃အထိပဲ သွားတာလဲ ရှင်းပြပါအုံးဆိုပြီးမေးလာကျတယ်…

Ok ကျနော်ရှင်းပြမယ်…ဆိုပြီး ကျနော်ဘာကြောင့် အဲဒီနေ့ အဲဒီလူအရေအတွက်နဲ့ သွားမယ့် ခရီးအကွာအဝေးကိစ္စကို အခုလိုရှင်းပြလိုက်တယ်…

ကျနော်တို့တိုင်ပင်ထားခဲ့ကျတာကို မှတ်မိကြတယ် မှတ်လားလို့ စကားစပျိုးပြီး မေးခွန်းထုတ်လိုက်တော့…ဟန် ဘယ်ဟာကိုပြောတာလည်း တိုင်ပင်ထားတာ အများကြီးလေ စသည်ဖြင့် တစ်ယောက်တစ်ပေါက် ပြောလာကျတယ်…

Ok ok…ထားလိုက်တော့ ထားလိုက်တော့…ကျနော်ပဲ အသေးစိတ်ရှင်းပြတော့မယ်…ဆိုပြီး…


ကျနော်တို့အဖွဲ့ဟာ အခုဆိုရင် စပွန်စာလည်းရှိနေပြီဆိုတော့ ဒီတစ်ခါ သရဲတစ္ဆေတွေ အကြောင်းစူးဆန်းလေ့လာရင် အကြီးကြီးလုပ်ကျမယ်လို့ပြောထားတာကို ပြောတာပါ…အဲဒါကြောင့် ကျနော်စောဏက ပြောပြတဲ့ အမြန်လမ်းကိစ္စအပြင် တခြားကိစ္စတွေကိုပါ လက်တွေ့ကျကျ စမ်းသတ်ကြည့်မယ်လို့ ကျနော်တွေးလိုက်မိလို့…အခုရှင်းပြမယ့် အစီအစဉ်ကိုဆွဲတာပါ…အားလုံးလည်း စိတ်ဝင်စားသဘောတူကျမယ်လို့ မျှော်လင့်ပါတယ်…

အစီအစဉ်အသေးစိတ်က ဒီလိုပါ…

အမြန်လမ်းပေါ်မှာ မကျွတ်မလွတ်သူတွေရှိနေတယ်ဆိုတာ

ကတော့ ကျနော်ပြောပြစရာ မလိုအောင်ကို အားလုံးသိပြီးသား ကိစ္စပါ နော်…ဒါပေမယ့် ကျနော်တို့က အဲလို လူတိုင်းသိတဲ့ ကိစ္စကြီးကို ရိုးရိုးတမ်းတမ်းသွားပြီး မှတ်တမ်းတင်ကျတာထက်စာရင် လူတွေလက်ခံ ယုံကြည်ပြီးကြောက်နေကျတဲ့ အကြောင်းအရာတွေဖြစ်တဲ့ Unluckday လို့ခေါ်တဲ့ friday 13ရက်ညမှာမှ ကျနော်တို့လုပ်ကြည့်ကျမယ်ဆိုရင် ကျနော်တို့ မှတ်တမ်းတင်ထားတဲ့ ကိစ္စကို လူတွေကိုချပြတဲ့ အခါပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်…သဲထိတ်ရင်ဖိုဖြစ်မယ်လို့ မထင်ကျဘူးလား…ဗျ…????ဟာ ဟုတ်တာပေါ့ ကောင်းတယ်ကွာ အဲဒီအကြံ လက်ခံတယ်…မိုက်တယ်ဝေ့ …အားပေးတယ် ချချ…ဆိုတဲ့…ထောက်ခံသံတွေ ညံသွားတယ်…Ok အားလုံးသဘောတူကျတာတော့ ဝမ်းသာတယ် ဗျာ… ဒါပေမယ့် ကျနော့်အစီအစဉ်က မပြီးသေးပါဘူး…အခုကျနော်ပြောလိုက်တဲ့ Friday 13ဆိုတာက အနောက်နိုင်ငံတွေက လက်ခံယုံကြည်ထားတဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေ့…တနည်းအားဖြင့် ပြောရရင် မကောင်းဆိုးဝါးတွေရဲ့ ဝိဥာန်တွေ ထကြွသောင်းကျန်းတဲ့နေပေါ့ ဗျာ…အဲဒီကိစ္စကို စမ်းသတ်တာက အနောက်နိုင်ငံတွေရဲ့ အယူကိုစမ်းသတ်တာနော်…ကျနော်ပြောပြဖို့ ကျန်နေတဲ့ နောက်ထပ်စမ်းသတ်မယ့် အစီအစဉ်၂ခုကတော့ တစ်ခုက အာရှတိုက်ကလူတွေတော်တော်များများလက်ခံထားကျတဲ့ နံပါတ် ၄…ဂဏန်းကိစ္စနဲ့ ကျနော်တို့ မြန်မာနိုင်ငံက လူတွေလက်ခံယုံကြည်ပြီး ကြောက်လန့်နေကျတဲ့ နံပါတ် ၉ဂဏန်းကိစ္စတွေပါပဲ…နံပါတ် ၄ဂဏန်းရဲ့ အကြောင်းကိုအရင်ပြောပြပါ့မယ်…တရုတ်လူမျိုးတွေနဲ့ ကိုရီးယားလူမျိုးတွေက နံပါတ်၎ဂဏန်းကို မကောင်းတဲ့ နံပါတ်အဖြစ်သတ်မှတ်ထားကျပါတယ်…၄ဂဏန်းရဲ့ အသံထွက်နဲ့ လူသေတဲ့ အခါသုံးတဲ့ သေတဲ့အသံထွက်က တူနေတာကြောင့် ၄ဂဏန်းနဲ့ ပတ်သတ်ရင် သူတို့တွေက ရှောင်ကျတယ်လို့ ကျနော်ကြားဖူးထားတယ်…အဲဒါကြောင့် ကျနော်အဲဒီကိစ္စကိုပါ စမ်းသတ်ချင်တာကြောင့် ကျနော်အစီအစဉ်ထဲမှာ ၁၀၃မိုင်အထိလို့ ပြောတာပါ…၁၀၃ကပေါင်းခြင်း ၄ရနေတယ်လေ…တခြားပေါင်းခြင်း ၄နံပါတ်ထွက်တဲ့ ၂၀၂မိုင်တို့ဘာတို့တော့ ရှိပါသေးတယ်…ဒါပေမယ့် ကျနော်က ၁၀၃မိုင်ကို ဘာလို့ရွေးတာလည်းဆိုရင် ၁ ၃ ဆိုတဲ့ Unlucky ဂဏန်းပါပါနေလို့ပါပဲ…အားလုံးအသံတောင် မထွက်ကျပဲ ကျနော်ပြောတဲ့ အထဲအာရုံရောက်နေကျတယ်…ဒါကြောင့် ကျနော့်ရဲ့ မဆုံးသေးတဲ့ အစီအစဉ်ကို ထပ်ပြောပြလိုက်တယ်…

နောက်ဆုံးကျန်နေတဲ့ နံပါတ် ၉ဂဏန်းရဲ့ ရာဇဝင်ကိုတော့ အားလုံးသိကျမယ်လို့ ယူဆပါတယ် ဗျာ…ဘာလို့လဲဆိုတော့ အဲဒီနံပါတ် ၉ဂဏန်းက ကျနော်တို့ မြန်မာနိုင်ငံက လူတွေရဲ့ အယူအဆလို့ပြောမလား ဒါမှမဟုတ် အစွဲအလမ်းလို့ပဲ ပြောရမလားပဲ…သိတော့ သိကျတယ် မှတ်လားဗျ…လို့ မေးလိုက်တော့…သိတော့ သိတယ် သိပ်မပြည့်စုံဘူး…နည်းနည်းမေ့နေတယ်…ကိုးလောင်းကွေ့ဆိုလားးး Videoကားနာမည်လေ အဲဒါတော့ ကြည့်ဖူးတယ် ကြာတော့ကြာပြီ မေ့နေပြီ ကိုမင်းနေပဲ ဆက်ပြောပါလို့ ပြောကျတာနဲ့…

ကျနော်လည်း အဲဒီနံပါတ် ၉ဂဏန်းရဲ့ ရာဇဝင် ဘယ်အချိန်တုန်းက စပြီး ဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာတော့ အတိအကျမသိပါဘူး…ဒါပေမယ့် ကျနော်သိတာကတော့ ကျနော်တို့မြန်မာလူမျိုးတွေ ခရီးတွေဘာတွေသွားတဲ့ အခါမျိုးမှာ ၉ယောက်သွားရင် အန္တရာယ်ရှိတယ်လို့ ယူဆကျလို့ လူ၉ယောက်ဖြစ်နေရင် ခဲတစ်လုံးပါ ထည့်သယ်ပြီးယူလာရတယ်လို့တော့ ကြားဖူးနားဝအဖြစ်မှတ်မိနေတယ် ဗျ…အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ထားကျသလို သရဲတစ္ဆေနဲ့ ပတ်သတ်ပြီး ပစ္စည်းကိရိယာ အစုံအလင်နဲ့ ပွဲဦးထွက် စမ်းသတ်ကျမယ့် အကြီးကြီးလုပ်မယ်ဆိုတဲ့ ကိစ္စမှာ အဲဒီလိုလူအများ စိတ်ဝင်စားပြီး ကြောက်လန့်နေကျတဲ့ နေ့ရက်တွေ ဂဏန်းနံပါတွေကိုပါထည့်သွင်း စမ်းသတ်ပြီးမှတ်တမ်းတင်လိုက်မယ်ဆိုရင် ကျနော်တို့ စမ်းသတ်မှု့ကြီးဟာ ကံကောင်းရင် ကမ္ဘာကျော်သွားနိုင်တယ်နော်…ကျနော်က ကျနော်တို့ မှတ်တမ်းတင်ပြီးရင် အဲဒီမှတ်တမ်းတွေကို Skynetကို အရင်ပြကြည့်ပြီး သူတို့သဘောတူရင် မြန်မာတနိုင်ငံလုံးကို လွှင့်မယ်…ပြီးရင် English စာတမ်းထိုးပြီး Youtube မှာပါတင်ဖို့ အထိ စဉ်းစားထားပြီးပါပြီ…အဲဒါ အဖွဲ့ဝင်တွေရဲ့ သဘောတူတယ် မတူဘူးဆိုတဲ့ ဆန္ဒကို သိချင်ပါတယ်…


''နေအုံး ငါ့တူ မင်းအခုပြောပြတဲ့ အစီအစဉ်က အရမ်းကောင်းသလို အရမ်းလည်း အန္တရာယ်များမနေဘူးလား…မတော်လို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ…''

စပွန်စာ ဦးလေးကြီးက အရင်ဆုံးပြောလာသဖြင့်

''ဟုတ်ပါတယ် ဦးလေး…ဦးလေးပြောသလိုအရမ်းကို အန္တရာယ်များ ပြီး စွန့်စွန့်စားစားလုပ်ရမယ့် ကိစ္စပါ…ထင်မှတ်မထားတဲ့ ကိစ္စတွေ ဘယ်အတိုင်းအတာအထိဖြစ်လာမယ်ဆိုတာကိုလည်း ကြိုမသိနိုင်ဘူးဆိုတော့ စကားကုန်ပြောရရင် အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်…အဲဒါကြောင့် ဒီအစီအစဉ်မှာ ပါဝင်ကျဖို့ အတင်းအကြပ်မတိုက်တွန်းပါဘူး မိမိဆန္ဒအလျောက်ပါဝင်မယ်ဆိုရင်လည်း မိမိသဘောဆန္ဒအလျောက် ဒီအစီအစဉ်မှာ စိတ်တူကိုယ်တူပူးပေါင်းပါဝင်ခဲ့ပါသည်…ဖြစ်ပေါ်လာမည့် မည်သည့် ကိစ္စမဆို တခြားလူနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း လက်မှတ်ထိုးပေးထားကျဖို့လည်း စိတ်ကူးထားပါတယ်…

ကောင်းတယ် ကိုမင်းနေ ကျနော်ကတော့ အယုံအကြည်မရှိဘူး ကြောက်လည်းမကြောက်တတ်ဘူး ကိုမင်းနေရဲ့ အစီအစဉ် ကျနော်ပါမယ်…ဟုတ်တယ် ကျနော် လည်းပါမယ် ငါလည်းပါမယ် …စိတ်တူကိုယ်တူ ဝါသနာတူ လူငယ်တွေစုဖွဲ့ထားတဲ့ အဖွဲ့လေးလို့ မို့ လက်မခံသည့် သူမရှိအားလုံးကတက်ကြွနေကျသည်…

''ခက်ပြီ သွားမှာက ၉ယောက်ဆိုတော့ တစ်ယောက်က နေခဲ့မှရမယ်…ကျနော်ကတော့ တစ်ယောက်ထဲသော မိန်းခလေးဖြစ်သူကို နေခဲ့စေချင်တယ် ဗျာ…အခုသွားမယ့် ခရီးက အရမ်းကိုအန္တရာယ်များတာကြောင့် ကျေးဇူးပြုပြီးနေခဲ့ပေးပါလား ဗျာ…''

''ဟုတ်တယ် ညီမလေး ညီမလေးနေခဲ့သင့်တယ် ''

''ဟုတ်တယ် သူငယ်ချင်း နင်နေခဲ့သင့်တယ်…''

''ကောင်းပါပြီ အားလုံးကနေခဲ့ပါဆိုလို့ နေခဲ့ပါ့မယ် အမှန်တော့ ကျမလည်း လိုက်ချင်ပါတယ်…အခုဟာက ကိုမင်းကိုယ်တိုင်ကကော တခြားလူတွေကပါ နေခဲ့စေချင်တယ်ဆိုတော့ နေခဲ့ပေးပါ့မယ်…ကျမကြောက်လို့နေခဲ့တာ မဟုတ်ဘူးနော်…''

''ကျေးဇူးပါ …''

''ဟုတ် သိတယ်…''

''ညီမလေးမကြောက်တတ်တာ သိပါတယ်ကွယ်…''

''အနစ်နာခံပေးလို့ကျေးဇူးနော်…''

•••••••••

ဒီလိုနဲ့ ၁၁လပိုင်း ၁၃ရက်နေ့အတွက်အစစ အရာရာ ပြင်ဆင်ကျတော့တယ်…ယူသွားမယ့် ကားက လူ၉ယောက်ဆန့်တဲ့ အယ်လ်ဖတ်ကား(အာရာဖတ်)…ကားပေါ်မှာ အလင်းအားကောင်းတဲ့ စလိုက်မီး ၄လုံး (အရှေ့အနောက်တောင်မြောက်)ပါတတ်ထားတယ်…ကားမောင်းဖို့တာဝန်ကို စပွန်စာဦးလေးရဲ့တူ အကိုကြီးက တာဝန်ယူတယ်…ကင်မရာနဲ့ စိတ်တိုင်းကျမှတ်တမ်းတင်ခြင်းကိုတော့ ကျနော်မင်းနေ…အမွှာ ၂ကောင်နဲ့ တခြားသူငယ်ချင်း၂ယောက်က တာဝန်ယူလိုက်တယ်…ကင်မရာရိုက်ပုံ ရိုက်နည်း အယူအစတွေကို လေ့လာဖို့ ရက်တိုသင်တန်းပါတက်လိုက်ကျတယ်…ကျနော်က အဓိက ရိုက်ကူးမှာဖြစ်ပေမယ့် ကျနော်ကပဲ presenterအဖြစ်ပါ တာဝန်ယူထားလိုက်တယ်…

အသံတွေပါဖမ်းဖို့ အသံဖမ်းစက်တွေ သရဲတွေလာအောင်ခေါ်ဖို့ အသံကျယ်ကျယ်အော်လို့ရမယ့် စပီကာနဲ့ တခြားလိုအပ်တဲ့ စက်တွေကို တခြားသူတွေကို တာဝန်ယူခိုင်းထားတယ်…ကားပေါ်ကနေ သရဲစခေါ်ချိန်မှာ အမဲသားစိမ်းတွေ ပစ်ချဖို့အတွက် တစ်ယောက် ကားတံခါးကို အဖွင့်အပိတ်လုပ်ဖို့က တစ်ယောက်…စသည်ဖြင့်တာဝန်အသီးသီးခွဲပေးထားလိုက်ကျတယ်…၁၀ရက်နေ့လောက်ကတည်းက ကြိုတင်လေ့ကျင့်ထားလိုက်ကျတယ်…အမဲသားကိုတော့ ၁၃ရက်နေ့ နေ့လယ်မှ အမဲသားပေါ်တဲ့ ဒိုင်ကနေ ဆယ်ပိဿ လာပို့ပေးဖို့သေချာမှာထားလိုက်တယ်…

၁၃ရက်နေ့ ည ၈နာရီမှာ လူစုဖို့စုရပ်အဖြစ် စပွန်စာ ဦးလေးရဲ့ ခြံထဲမှာ ချိန်းထားလိုက်ကျတယ်…

၁၃ရက်နေ့ ည၉နာရီလောက်မှာ လူလည်းစုံ…ကားပေါ်မှာတင်ပြီးသွားမယ့် ပစ္စည်းတွေလည်း သေချာစစ်ပြီးသွားကျတယ်…စပွန်စာဦးလေးအိမ်မှာပဲ အားလုံးအေးဆေး စားသောက်ပြီး ညနေ၁၀နာရီမှထွက်လာခဲ့ကျတယ်…ကားကို ခြံထဲက မထွက်ခင်ကတည်းက မှတ်တမ်းတင် Videoကိုစရိုက်ပါတယ်…ကျနော်တို့ သရဲမကြောက်သူများအဖွဲ့ရဲ့ အမြန်လမ်းပေါ်မှာ သရဲခေါ်တဲ့ ည ဆိုတဲ့ မှတ်တမ်းကို စတင်လိုက်ပါပြီ…ပါဝင်သူအဖွဲ့သားတွေက ဘယ်သူဘယ်ဝါပါဆိုပြီး တစ်ယောက်ချင်းမိတ်ဆက်မှတ်တမ်းတင်ပြီး…စထွက်လာလိုက်တယ်…အမြန်လမ်းကို မရောက်ခင် လမ်းတစ်လျှောက်မှာလည်း လမ်းတွေကိုလည်း အခုဆို အချိန်ဘယ်လောက်မှာ ကျနော်တို့ ရောက်နေတာ ဘယ်နေရာဖြစ်ပါတယ် ဘာညာ မှတ်တမ်းတင်ထားလိုက်တယ်…လုပ်မယ့် အစီအစဉ် အသေးစိတ်ကိုလည်း ကားပေါ်မှာပဲ videoမှတ်တမ်းတင်ရင်း ရှင်းပြပေးထားလိုက်တယ်…အမြန်လမ်း ရန်ကုန်က အထွက်တိုးဂိတ်ကိုရောက်တော့ ည၁၁နာရီထိုးဖို့ ၁၀မိနစ်အလိုဖြစ်နေပါပြီ…တမင်ကားရှင်းမယ့် အချိန်ကို ရွေးထားတာဖြစ်လို့ ကျနော်တို့ အဖွဲ့ အမြန်လမ်းပေါ်ရောက်တဲ့ အချိန်မှာ ကားအတော်ရှင်းနေပါတယ်…

အော် ပြောဖို့တစ်ခုကျန်ခဲ့လို့…အမဲသားပစ်ချပြီး သရဲတွေကို စခေါ်မယ့် နေရာက မိုင်တိုင် ၂၀ကနေ စမယ်…ကျနော်တို့ ခရီးအဆုံးကတော့ မိုင်တိုင်၁၀၃ပေါ့…ဒီလိုနဲ့ အမြန်လမ်းတစ်လျှောက် မောင်းလာလိုက်တာ မိုင်တိုင် ၂၀ကိုရောက်တော့ ကားခဏရပ် အောက်ဆင်းကျပြီး အပေါ့အပါးသွား…ကားခေါင်မိုးပေါ်က မီးစလိုက်တွေစဖွင့်လိုက်တော့တယ်…

ကျနော်လည်း မှတ်တမ်းထဲမှာ ကျနော်တို့ အဖွဲ့အခုဆိုရင် မိုင်တိုင်၂၀ကိုရောက်နေပါပြီ…ခဏနေတာနဲ့ ကျနော်တို့ စီစဉ်ထားတဲ့ အတိုင်း သရဲတွေစခေါ်ပါတော့မယ်…လို့ မှတ်တမ်းတင်ပြီး အားလုံးကားပေါ်ကိုပြန်တက်ပြီးနေရာ ယူလိုက်ကျတယ်…

ပြောဖို့နောက်တစ်ခုကျန်ခဲ့တာ အခုမှသတိရတယ် ဗျို့…အရင်အစီအစဉ်က ကားဘေးတံခါးကို ဖွင့်ပြီး အမဲသားပစ်ချဖို့ကို နောက်ပိုင်းကျတော့ ကားနောက်ပိုင်းကမှန်က အကြည်မဟုတ်လို့ ကင်မရာရိုက်ရတာ အဆင်မပြေတာကြောင့် အနောက်မှန်ကို ဖြုတ်ထားခဲ့လိုက်တယ်…အမဲသားတွေကိုလည်း ကားအနောက်ကကော  ကားဘေးပြတင်းတံခါးပေါက်တွေကပါ ပစ်ချဖို့ အစီအစဉ်ပြောင်းလိုက်ကျတယ်…ကားနောက်ပိုင်းကနေ မှတ်တမ်းတင်မှာက ကျနော်နဲ့ အမွှာတစ်ကောင် ကျနော်က video မှတ်တမ်းတင်မယ် သူက ကင်မရာမှတ်တမ်း ကားဘေးဘယ်ညာကို video မှတ်တမ်းတင်ကျမယ့် သူတွေလည်း သူ့နေရာနဲ့ သူနေရာယူပြီးနေကျပါပြီ…ကားခေါင်မိုးပေါ်မှာလည်း အရှေ့နဲ့ အနောက်ကို အသေချိန်ထားတဲ့ Video ကင်မရာ နှစ်လုံးတတ်ထားပါသေးတယ်…ကားမှာ အော်တိုပါတဲ့ black box ကင်မရာနဲ့ဆို videoကင်မရာကြီးပဲ ၆လုံး ဓါတ်ပုံကင်မရာက ၃လုံး…အားလုံး Ready ဖြစ်နေကျပြီ…


ကဲ…အားလုံး Ready ဆိုရင် စမယ် အမဲသားတွေ စပြီးပစ်ချလိုက်တော့…အကိုကားကို ဖြေးဖြေးချင်းစမောင်းပါ…ကျနော်က မြန်မြန်မောင်းဆိုမှ မြန်မြန်မောင်းနော်အကို…လို့ပြောပြီး…တာနဲ့ အရင်ကတည်းက သွင်းထားတဲ့ အသံကို စပီကာကနေ အသံကျယ်ကျယ် ဖွင့်လိုက်တယ်…

''အမြန်လမ်းပေါ်မှာ ရှိနေကျတဲ့ မကျွတ်မလွတ်သူအပေါင်းကို ဖိတ်ခေါ်ပါတယ်…ကျနော်တို့ အစာကျွေးမလို့ စားချင်တဲ့ သူတွေ ကျနော်တို့ကားနောက်က လိုက်ခဲ့ကျပါ…''ဆိုတဲ့ သရဲဖိတ်ခေါ်သံက အဆက်မပြတ်ထွက်ပေါ်လာပါတော့တယ်…ကျနော်အပါအဝင် အားလုံးရင်ခုန်နေကျပါပြီ…စိတ်လှုပ်ရှားပြီးပတ်ဝန်းကျင်ကို မျက်ခြေမပြတ်စောင့်ကြည့်နေကျတယ်…

ကားကို ကီလို ၅၀လောက်နဲ့ ထိန်းမောင်းလာခဲ့ကျရင်း…လတ်လတ်ဆတ်ဆတ် သွေးညှီနံ့ပါရနေတဲ့ အမဲသားတွေကို စတင်ပစ်ချလာခဲ့ကျတယ်…အသံနဲ့လည်း အဆက်မပြတ်ခေါ်…အမဲသားစိမ်းတွေလည်း ပစ်ချလာလိုက်တာ ၅မိနစ်တောင်ကြာမယ်မထင်သေးဘူးးးး…

''ဝေါ…ဝေါ …ဝူးးးးးဝူးးးဝါးးးးဝါးးးး '' ''တောလဲသံကြီးလို စပြီးကြားလိုက်ရတယ်…

''ဇာတ်လမ်းစပြီဟေ့ အားလုံး readyနော် တတ်နိုင်သမျှ မလွတ်တမ်းသာရိုက်ထားကျဟေ့…လို့ ကျနော်သတိပေးလိုက်တယ်…ကားပေါ်က စပီကာသံပိတ်လိုက်တော့ ဗျို့…လို့ပါ အော်သတိပေးလိုက်လို့ ပိတ်လိုက်ကျတယ်…တ ဝေါဝေါ…တဝူးးဝူးးး တဝါးးးဝါးးးနဲ့ ကြားနေရတဲ့ အသံတွေက ကျနော်တို့ကားရဲ့ အရပ်လေးမျက်နှာဘက်ကနေ ကားဆီကို လာနေကျသံတွေလို့ယူဆရပါတယ်…ဘာသံရယ်လို့ သေချာမသိပေမယ့်…ကျနော့်စိတ်ထဲမှာတော့ အစာကျွေးဖို့ ဖိတ်ခေါ်လိုက်တဲ့ အသံနဲ့ လတ်လတ်ဆတ်ဆတ်အမဲသားစိမ်းရဲ့ သွေးညှီနံ့ရလို့ ပျော်ပြီးပြေးလာကျတာလို့ပဲ ထင်လိုက်ပါတော့တယ်…အသံတွေစကြားရပေမယ့် အကောင်အထည်တော့ ချက်ခြင်းမမြင်ရသေးပါဘူး…အသံကြားလိုက်ကတည်း နှလုံးခုန်သံတွေ အရမ်းကိုမြန်လာပါပြီ…ကြက်သီးမွှေးညှင်းတွေပါ ထလာတယ်…သရဲတစ္တေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံအများကြီးရှိထားဖူးသူ သရဲမကြောက်တဲ့ ကျနော်တောင် စိုးရိမ်စိတ်တွေ ဝင်လာပြီး…

စိတ်ထဲနည်းနည်းလေးလံနေမိပါတော့တယ်…

''ဟာ…ဟိုမှာ ဟိုမှာ တွေ့ပြီ လိုက်လာနေကျပြီ ဗျို့…စိုးရိမ်စိတ်ကြောင့် အတွေးလွန်ပြီး သတိခဏလွတ်သွားမိချိန်မှာပဲ ကျနော့်ဘေးက အမွှာတစ်ကောင်က ထအော်လိုက်တဲ့ အသံကြောင့် သတိဝင်လာပြီး သူလက်ညှိးထိုးနေတဲ့ ကားနောက်ဖက်ကို လှမ်းကြည့်လိုက်မိပါတော့တယ်…''

''ဟာ ဟုတ်တယ် ဟေ့…လာနေကျပြီ…ဟေ့ မကြောက်ကျနဲ့နော် အသေအခြာရိုက်ကျတော့…အကိုရေ ကားကိုနည်းနည်းမြန်ပေးပါ…သူတို့လိုက်လာနေတာ တော်တော်မြန်နေပြီ…ကျနော်လှမ်းကြည့်လိုက်တော့ ကုန်းကုန်းကွကွနဲ့ ကျနော်တို့ကားပေါ်က ပစ်ချတဲ့ အမဲသားတုံးတွေကို အလုအယက်ကောက်စားလိုက် ထပ်ပြေးလာလိုက် ထပ်ကောက်စားလိုက်နဲ့…ကားနောက်ကပါလာတဲ့ …မည်းမည်းကောင်ကြီး၃ကောင်…''

ကျနော့်စိတ်ထဲတော်တော်ပျော်သွားတယ် ကျနော်စီစဉ်ထားသလို ကွက်တိဖြစ်လာတာကြောင့်ပေါ့…ဘေးက အမွှာကောင်လေးကလည်း တော်တော်ပျော်နေပုံပဲ…

''မိုက်တယ်ကွာ ဟေ ဟေ့…ရှင်းနေတာပဲ…''လို့တောင် ပါးစပ်ကပြောရင်း အူမြူးနေတယ်…ထိုးထားတဲ့ စလိုက်မီးရောင်ကြောင့် ကားရဲ့နောက် ကိုက်၁၀၀မရှိတရှိလောက်မှာ အလုအယက်ပြေးလိုက်လာနေကျတဲ့ သရဲ၃ကောင်ကို အရှင်းကြီးကိုမြင်နေရတယ်…

အမဲသားတုံးတွေကို အလုအယက်ပြေးကောက်လိုက် ပါးစပ်ထဲထည့်လိုက်နဲ့ အချင်းချင်းတိုက်မိလို့ လဲကျသွားလိုက် ပြန်ထပြေးလာလိုက် တွန်းထုတ်လိုက်နဲ့…ပြေးလာနေကျတဲ့ သရဲတွေကိုကြည့်နေရတာ သရဲvideoကားတစ်ကား ကြည့်နေရတဲ့ အတိုင်းပါပဲ…

''ဟာ ၄ကောင်ဖြစ်သွားပြီ…ဟာ ၅ကောင် တဖြေးဖြေးများလာနေပြီ… အကိုကားကိုထပ်မြန်ပါအုံး…သူတို့နီးလာနေပြီ…အမဲသားပစ်ချတဲ့ အဖွဲ့ ထိန်းချကြနော် ကုန်မသွားစေနဲ့…အနောက်ကလိုက်လာနေကျသော သရဲတွေကိုကြည့်ရင်း အားလုံးကို သတိပေးနေရသေးသည်…

ထိုစဉ်…

''ဟာ ဘေးမှာ ကားဘေးမှာ'' လို့ တစ်ယောက်ကထအော်သည်…

''ဘာလည်း ဟ ဘေးမှာ…''

''ကလေးသရဲတွေ ကလေးသရဲတွေထင်တယ် …ပြေးလိုက်လာနေကျတယ်…''

''အေးးဒါဆို သေချာရိုက်ထားနော်…''

''အမဲသားတောင်းနေတယ် ဗျို့ လက်လေးတွေဖြန့်ပြီးပြေးလိုက်နေတယ်…''''အေးးးအေးးပစ်ချပေးလိုက်…အကိုကားအရှိန်ဘယ်လောက်ရှိနေပြီလည်း…''

''၈၀ညီလေး…မိုင်တိုင်ကော မိုင်တိုင်က ၃၅… ညီ…'

''Ok brother သတိထားမောင်းနော် အခြေအနေမကောင်းရင် ကျနော်ထပ်ပြောမယ် အရှိန်ထပ်သာတင် ဗျို့…''

''အေးညီ စိတ်ချ…တော်တော်များနေပြီ အနောက်မှာပါပြေးလိုက်လာနေတာ ၁၀ကောင်မကတော့ဘူး ဗျို့''…ပစ်ချပေးနေသော အမဲသား.....


ဆက်ပါအုန်းမည်။

ခရက်ဒစ်   မူရင်း

No comments:

Post a Comment

မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြ...