ညနေ၆နာရီခွဲတောင်ရှိနေပေပြီ....မနက်ကတည်းက ကားစီးပြီးထွက်လာလိုက်တာ ခုမှပဲ ဘိုးလေးတို့ ရွာထိပ်ကိုရောက်တော့သည်....
ဘိုးလေးတို့ရွာ က ကားလမ်းဘေးဆိုပေမယ့် ကားလမ်းကနေ တာရိုးအတိုင်း မိနစ်၂၀ခန့်လမ်းလျှောက်ဝင်သွားရသေးသည်...
လယ်ကွင်းများအလယ်တွင် ရွာတည်ထားခြင်းပါ...ရွာက ရွာတန်းရှည်ဖြစ်သည်...အဝေးမှလှမ်းကြည့်လျှင် သစ်တောအုံ့အုံ့ဆိုင်းဆိုင်းကိုသာလှမ်းတွေ့နိုင်၏....
တာရိုးကိုအလယ်ထား၍ ဘေးနှစ်ဖက်၌ နေအိမ်များတည်ဆောက်၍နေထိုင်ကြခြင်းဖြစ်သည်....အိမ်ခြေများ၏ အနောက်ဖက်များတွင်တော့ လယ်ကွင်းများသာရှိ၏....
နေတောင်ဝင်တော့မည်....ရွာအနောက်ဖက်ကိုလှမ်းကြည့်လိုက်တော့ လယ်ကွင်းထဲအလုပ်ဆင်းနေကြသည့် ရွာသားများ အစီအရီ ရွာသို့ပြန်လာနေကြသည်ကိုတွေ့ရသည်...
ဝင်လုဆဲဆဲနေနှင့် ရွာသားများအစီအရီ ပေါက်တူး တူးရွင်း ထမ်း၍လမ်းလျှောက်နေကြပုံ ကန်သင်းရိုးများနှင့် ညီညာနေသည့် လယ်ကွက်များကို ကြည့်ပြီး အရမ်းကိုကြည်နူးစရာ ပန်းချီကားတစ်ချပ်ပမာ စိတ်ထဲတွေးထင်မိတော့သည်...
ဒီလိုမြင်ကွင်းမျိုး အရသာမျိုးကို မခံစားရသည်မှာ ကြာပြီဖြစ်သည်...ခုလိုပြန်မြင်တွေ့လိုက်ရတော့ စိတ်ထဲတွင် ကြည်နူးစိတ်များရော တစ်ခုခုကိုလွမ်းဆွတ်မိသယောင်ယောင် ဖြစ်သွားမိသည်....
××××××××××××××××××
ရွာထဲသို့ရောက်တော့မည်ဖြစ်၍ ခြေလှမ်းကို ခပ်သွက်သွက်လျှောက်ဖို့ပြင်လိုက်သည်... တနေကုန်ခရီးပန်းခဲ့သမျှ ဘိုးလေးတို့အိမ်ရောက်မှ အနားယူရမည်ဖြစ်သောကြောင့် စိတ်ထဲတွင် ပျော်ရွှင်သွားမိသည်....
ရွာထဲဝင်လိုက်သည်နှင့် ရွာထိပ်အစွန်ဆုံးအိမ်ကို တွေ့လိုက်ရတော့ ကျတော့်စိတ်ထဲ တမျိုးဖြစ်နေသလိုလို...
အိမ်ကနှစ်ထပ်ပျဉ်ထောင်အိမ်...အရမ်းကြီးရှေးမကျပေမယ့် ခုခေတ်လက်ရာမဟုတ်သည်ကိုတော့ခန့်မှန်းမိသည်...
လွန်ခဲ့တဲ့ ၂နှစ်ကျော် ကျတော်လာတုန်းက အိမ်သားများရှိနေကြသည်....ခြံဝင်လေးမှာလည်း သပ်သပ်ရပ်ရပ် ကလေးနှင့် ပျော်စရာကောင်းသည်ကို ကျတော်မှတ်မိနေသေးသည်...
ခုတော့ အိမ်တံခါးမ ကြီးကသော့ခတ်ထားသည်ကိုတွေ့ရသည်.... ပြတင်းတံခါးများကတော့ တချို့မှာ တံခါးရွက်များ မရှိပဲ ဟောင်းလောင်းဖြစ်နေသည်ကိုတွေ့ရသည်....
အိမ်ပတ်ဝန်းကျင် တွင်လည်း မြက်များ ခြုံနွယ်များနှင့် ရှုပ်ထွေးနေတော့သည်....
အင်း...ဒီအိမ်ကလူတွေ ဘယ်ကိုရောက်ကုန်ကြပါလိမ့်...အိမ်ကြီးကလည်း ဒီတိုင်းဆို မကြာခင် ပျက်စီးတော့မှာပဲ...တမျိုးတော့တစ်မျိုးပဲ...ဘိုးလေးအိမ်ရောက်မှပဲ ဘိုးလေးကိုအေးဆေးမေးကြည့်တော့မယ်....ခုတော့အရမ်းပင်ပန်းနေပြီ ဘိုးလေးအိမ်အမြန်ရောက်ပြီး အမြန်နားရဘို့အရေးကြီးတယ်....
×××××××××××××××××
ဘိုးလေးရေ...ဗျို့ဘိုးလေး....
ဟေ့..ဘယ်သူတုန်းကွ
သားပါဗျ ဘိုးလေးရဲ့မြေးညီညီပါ....
ဟော့...ငါ့မြေး ဘယ်ကဘယ်လို လမ်းမှားပြီးရောက်လာတာတုန်းဟ...
ဘိုးလေးတို့ဆီ တမင်အလည်လာတာပါဗျ ဘိုးလေးရ...
အေးပါ အေးပါ ငါ့မြေးရယ်...ငါ့မြေးကမလာတာကြာလို့ ဘိုးလေးတို့တောင် မကြာခဏ သတိရတဲ့အကြောင်းပြောနေကြရတာကွ...
ကျတော်လည်းလာချင်ပါတယ် ဘိုးလေးရယ်...လာဖို့အခွင့်အရေးကမပေးဘူးဖြစ်နေလို့ပါ...
အေးပါ အေးပါ ငါ့မြေးရယ်....
ကဲ...တအောင့်နားလိုက်ဦး...ပြီးမှ အိမ်ရှေ့က ရေတွင်းမှာရေမိုးချိုး ညစာစားကြတာပေါ့ကွာ...
ဟုတ်ကဲ့ဘိုးလေး.....
ကဲ...ငါ့မြေး ရေချိုးပြီးပြီဆိုတော့ ထမင်းစားလိုက်ကြရအောင်...ငါ့မြေးကိုစောင့်နေတာကွယ့်...ညစာက ညနက်မှစားလို့မကောင်းဘူးကွယ့် ကဲလာ အမြန်စားလိုက်ကြရအောင်...
ဟုတ်ကဲ့ လာပါပြီဘိုးလေး...ဘိုးလေးက တောမှာသာနေတာ ဗဟုသုတကတော့ စုံတယ်နော်....
ဒီလိုပဲပေါ့ ငါ့မြေးရ...လူဆိုတာ အလကားနေအလကားလူပဲဖြစ်မှာ...ပြီးတော့ ပညာတွေ ဗဟုသုတတွေဆိုတာက သင်ယူစရာကုန်ခမ်းတယ်လို့မှမရှိပဲကွာ...သင်လည်းသင်ယူသင့်ပါတယ်....
ဟုတ်ကဲ့ပါဘိုးလေး...ကျတော်အမြဲမှတ်ထားပါ့မယ်...ပြီးတော့ဘိုးလေးကို သားမေးစရာတစ်ခုရှိသေးတယ်...အဲ့ဒါကတော့မနက်မှပဲမေးတော့မယ် ဘိုးလေးရေ...ခုညတော့ ပင်ပန်းသမျှတဝကြီးနားလိုက်ဦီးမယ်....
အေးပါငါ့မြေးရယ်...နောက်နေ့တွေကျမှ မေးချင်တာမေး သွားချင်တာသွား လယ်ထဲဆင်းပြီး လေ့လာစရာရှိတာလေ့လာပေါ့ကွယ်....ခုတော့နားလိုက်ပါဦး
ဟုတ်ကဲ့ပါဘိုးလေး....
××××××××××××××××××
ညကပင်ပန်းလွန်း၍ အိပ်ပျော်သွားလိုက်တာ မိုးထိန်ထိန်လင်းမှ တရေးနိုးတော့သည်....
အင်း...နေတောင်အတော်မြင့်နေပြီ ထမှပါပဲ....
ဟော့ ငါ့မြေးနိုးလာပြီလားကွ...
ဟုတ်ကဲ့ ဘိုးလေး...ညကဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိတော့တာ...မိုးလင်းတဲ့အထိ တရေးပဲ...
ကဲကဲ ငါ့မြေး မျက်နှာသစ်ချေ...ပြီးရင် ထမင်းပူပူလေးနဲ့ ငါးရံ့ခြောက်သုတ် လုပ်ထားပေးတယ် စားလိုက်ငါ့မြေး...
ဟုတ်ကဲ့ဘိုးလေး...
ငါးရံ့ခြောက်ဖုတ် ဆိုတာက တောအရပ်မှာမို့ ကောင်းကောင်းစားရသည်...မြို့မှာက ဈေးကလည်းကြီး တာရှည်ခံအောင် ဓာတုဆေးတွေကလည်း သုံးကြသည်ဆိုတော့ တော်ရုံဝယ်မစားဖြစ်....
ခုတော့ ဘိုးလေးတို့ဆီက ငါးရံ့ခြောက်ဖုတ်နဲ့ လွေးရတော့မည်မို့ ပျော်နေမိသည်...
ဘယ်လိုလဲငါ့မြေး စားကောင်းရဲ့လားကွယ့်....
ကောင်းတာပေါ့ဘိုးလေးရယ်...ဒါမျိုးမစားရတာကြာလှပေါ့...အသားကုန်ကိုကြိတ်ပစ်လိုက်တာ....
အေးကွယ့်...တောဓလေ့ တောအစာ ဆိုတာက ဘေးဥပါဒ်ကင်းပြီး အရသာစစ်စစ်ရနိုင်တာကိုးကွယ့်...
ကဲလာ ရေနွေးကြမ်းသောက်ရင်း စကားပြောကြတာပေါ့.....
ဟုတ်ကဲ့ဘိုးလေး....
မနေ့က ငါ့မြေးမေးစရာရှိတယ်ဆို...ဘာများလဲ မေးလေ ငါ့မြေးရ...
ဪ...ဟုတ်ကဲ့ ဘိုးလေး...
ဒီလိုပါ သားမနေ့က ရွာထဲဝင်လာတော့ ရွာထိပ်က သစ်အိမ်ကြီးကိုတွေ့ခဲ့တယ်...အရင်နှစ်တွေလာတုန်းက လူတွေရှိကြပါတယ်....အခုလူတွေလည်းမရှိ အိမ်ကလည်း ပျက်စီးလို့ မြက်တွေခြုံနွယ်တွေနဲ့ ဖြစ်နေတယ်...
အဲ့ဒီအိမ်ကလူတွေဘယ်ရောက်ကုန်ကြနာလဲဘိုးလေးရ....
အင်း...အဲ့ဒီအိမ်သားတွေအကြောင်းကတော့ ပြောရမှာရှည်တယ် ငါ့မြေးရ...ပြီးတော့ ဆန်းလည်းဆန်းကျယ်တယ်....ဘိုးလေး ပြောပြပါ့မယ့်သေချာနားထောင်
ဟုတ်ကဲ့ပါဘိုးလေး...
အဲ့ဒီအိမ်မှာ မိသားစုလေးယောက်ရှိကြတယ်...သာမောင် နဲ့ သူ့မယားထွေးခင် ရယ် သမီးနှစ်ယောက်ရယ်ဆိုပါတော့...
အကြီးမက အပျိုကြီးမသန်းအေး အငယ်မကတော့ အသက်၂၀ ဝန်းကျင်လောက်ရှိမယ့် မသန်းမွှေးတဲ့....
အကြီးမအပျိုကြီးကမာနခပ်ကြီးကြီးမို့ ဘယ်ယောက်ျားလေးကမှ အနားကပ်မရကြဘူး...ဒါကြောင့်လည်းအပျိုကြီးဖြစ်နေတယ်ဆိုပါတော့ကွာ...
မိဘတွေက ဗေဒင်တို့ အကြားအမြင်တို့ ကိုယုံကြည်ကြတယ်....အဲ့လိုကိစ္စတွေနဲ့ပက်သက်လာရင် ထမင်းမေ့ဟင်းမေ့လူစားမျိုးတွေကွယ့်....
တနေ့ကျ ရွာထဲကို ဆရာတစ်ယောက်ရောက်လာပါလေရော...ဒီဆရာကအောက်လမ်းဆရာ အတော်လည်းပညာမြင့်နေတော့ တဖြေးဖြေးရွာထဲမှာ သတင်းကြီးလာတယ်ဆိုပါတော့ကွာ...
ဒီသတင်းက သာမောင်နဲ့ထွေးခင်တို့နားထဲရောက်သွားတော့ အားကိုးတကြီး အိမ်ပင့်ပြီး ကိုးကွယ်နေကြတာပေါ့...အယူမှားတွေပေါ့ငါ့မြေးရယ်...
ဒီဆရာလည်း သာမောင်တို့အိမ်မှာ နေပြီး လာသမျှလူတွေကုရင်း နေနေတယ်ဆိုပါတော့...ကုတယ်ဆိုတာကလည်း ကိုယ့်ဟာကိုယ် ဒုက္ခပေး ကိုယ့်ဟာကိုယ်ပြန်ကုနဲ့ အသိဉာဏ်နည်းတဲ့ ရွာသူရွာသားတွေကို လှည့်စားနေတာပဲငါ့မြေးရ...
ဒါထက်ဆိုးတာက သူ့ကို ဆရာဆိုပြီး အားကိုးတကြီးအိမ်ပင့်ကိုးကွယ်ထားတဲ့ သာမောင်တို့သမီးအကြီးမကို ပညာနဲ့စီရင်ပြီး အိပ်ယာထဲလဲအောင်လုပ်ပစ်တော့တာပဲ....
အိပ်ယာထဲလဲပြီးမစားနိုင်မသောက်နိုင်ဖြစ်တဲ့အချိန်မှာ သူ့ပယောဂ သူပြန်ကုပြီး အိမ်သားတွေလစ်တဲ့အချိန်မှာ ရောဂါသည် မသန်းအေးကို အဓမ္မပြုသိမ်းပိုက်လိုက်တော့တာပဲ...
ရောဂါသည်မသန်းအေးခမျာ သူပြုသမျှနုရတဲ့ဘဝကို အကြိမ်ကြိမ်ရောက်ခဲ့ပြီး မှအကောင်းပကတိဖြစ်အောင် ပြန်ကုပေးခြင်းခံရတယ်....
နေပြန်ကောင်းတဲ့အချိန်မှာ ဒီဆရာကိုအရမ်းနာကျည်းနေတဲ့ မသန်းအေးက အလစ်မှာ ဓားနဲ့ထိုးသတ်ဖို့ကြံခဲ့တယ်...ဒါပေမယ့် မအောင်မြင်ခဲ့ဘူး....
အဲ့ဒီတော့မှ လူကြီးတွေလည်း သိကုန်ပြီး ပြဿနာတွေတက်ကြတော့တာပေါ့.... ကျောချမှဓားပြမှန်းသိရတဲ့ သာမောင်တို့လင်မယားလည်း အကြီးအကျယ်ဒေါသထွက်ပြီး ဆရာကို ရိုက်ပုတ်နှင်ထုတ်လိုက်ကြတော့တယ်...
ဒါပေမယ့်လည်း အားလုံးကလွန်ကုန်ပြီလေ...မသန်းအေးကတော့ အရှက်တကွဲအကျိုးနည်း ဘဝဆုံးသွားရရှာပြီဆိုတော့ ဘာတတ်နိုင်ကြတော့မှာလည်း.....
ဒီလိုနဲ့ မသန်းအေးလည်း လူကြားထဲမျက်နှာမပြရဲအောင်ဖြစ်ပြီး အိမ်တွင်းပုန်းရာကနေ တနေ့ကျ အဆိပ်သောက်ပြီး အဆုံးစီရင်သွားရှာတော့တယ်....
အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲငါ့မြေးရ.....မသန်းအေးသဂြုင်္ိလ်တဲ့နေ့ ဒီဆရာက သူ့တပည့်တစ်ယောက်ကို သဂြုင်္ိလ်တဲ့ဆီလွှတ်ထားတာ ဘယ်သူမှမရိပ်မိလိုက်ကြဘူး....
သဂြုင်္ိတဲ့အချိန်မှာ တပည့်လုပ်တဲ့သူက မသန်းအေးရဲ့ ခြေသည်းခွံတစ်ခု မသိမသာယူသွားခဲ့တယ်....ရွာဓလေ့အရ အစိမ်းသေလို့ မီးသဂြုင်္ိရပြီဆို ရွာထဲကလုပ်ရဲကိုင်ရဲ လူတွေကို အရက်အဝတိုက်ပြီးခိုင်းရတယ်....မူးနေမှလည်းပိုပြီးလုပ်ရဲကိုင်ရဲရှိကြတာကိုးကွယ်...
အဲ့လို မီးသဂြုင်္ိလ်တဲ့သူတွေမူးနေတော့ ဒီကောင်ခြေသည်းခွံရယုဖို့ပိုအဆင်ပြေသွားတာပေါ့....
ခြေသည်းခွံကိုယူပြီး ဒီဆရာက မသန်းအေးကို သရဲအဖြစ်နဲ့ မွေးထားလိုက်တော့တယ်....
အင်း ဆရာတွေကဒီလိုပဲလေ...သေသူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကိုရရင် ခိုင်းစားဖို့ သရဲအဖြစ်မွေးလို့ရကြတယ်ငါ့မြေးရ...
ဒီလိုနဲ့ မသန်းအေးရက်လည်ပြီး ၁၀ရက်လောက်နေတော့ သာမောင်တို့အိမ်ခြံဝန်းထဲမှာ မသန်းအေးကို မကြာခဏဆိုသလို တွေ့ကြရတော့တာပဲ...
အရိုက်အပုတ်ခံ နှင်ထုတ်ခံထားရတဲ့ ဆရာ ယုတ်မာပြီလေ...ဒီမိသားစုကို တအိမ်လုံးဒုက္ခပေးဖို့ကြံတော့တာပဲပေါ့....
အစကတော့ ရွာထဲကလူတွေခဏခဏမြင်ကြတာပဲ...ရွာထဲသတင်းကပွပြီး သာမောင်တို့ နားထဲလည်းရောက်တော့တာပေါ့...အဲဒီအခါကျ ဘုန်းကြီးတွေပင့် ပရိတ်တွေရွတ် အလှူအတန်း လုပ်ပြီး အမျှပေးဝေကြတယ်...
ဒါပေမယ့် မွေးထားတဲ့သရဲပဲ ဘယ်ကျွတ်ပါ့မလဲကွယ်...အရင်ကထက်တောင်ပိုပိုဆိုးလာတယ်ဆိုပါတော့....ညညဆို သာမောင်တို့ တအိမ်သားလုံးမအိပ်ရအောင် အိမ်နံရံတွေကို လက်နဲ့ပုတ်လိုပုတ် အိမ်ခေါင်ပေါ်ခဲတွေပစ်လိုပစ်နဲ့ အမျိုးမျိုးနှောက်ယှက်တော့တာပဲ....
တညနေ မိုးချုပ်ကာနီး မသန်းမွှေးလေးက အိမ်ပြတင်းတံခါးကိုပိတ်ဖို့အလုပ် မသန်းအေးရဲ့မျက်နှာကြီးက ဆံပင်ဖားလျားနဲ့ဘွားကနဲပေါ်အလာ မသန်းမွှေးလေးခမျာ အရမ်းထိတ်လန့်ပြီး ကြောင်တောင်တောင်နဲ့ ရူးမလိုနှမ်းမလိုဖြစ်သွားရရှာတော့တာပဲကွယ်....
ဒါတင်ပဲမပြီးသေးဘူးငါ့မြေးရဲ့ တစ်ညနေ သာမောင့်လယ်ထဲကပြန်အရောက် ထွေးခင်ကိုယ်ထဲ သန်းအေးကဝင်ပူးနေပါလေရော...တစ်အိမ်လုံးလည်း မွှေထားတာမွစာကြဲနေတာပဲ...
ပါးစပ်ကလည်း သာမောင်နင့်ကိုငါသတ်မယ်...သာမောင်နင့်ကိုငါသတ်မယ်ချည်း ကြိမ်းနေတော့တာ...ပြီးတော့သာမောင်ဆီအတင်းပြေးလာပြီး လည်ပင်းအတင်းညှစ် အတင်းသတ်ပုတ်လုပ်နေတော့တာ တရစပ်ပါပဲ...
ထိန်းမရတော့တဲ့အဆုံး သာမောင်တစ်ယောက် ဒေါသထွက် စိတ်လွတ်ပြီး လယ်ထဲကအပြန်ထမ်းလာတဲ့ မြက်ခုတ်ဓားနဲ့ ခုတ်ချလိုက်တာ မထွေးခင်လည်ပင်းတခြမ်းပြတ်လို့ သေတဲ့ဆီရောက်ပါလေရော....
သွေးသံတရဲရဲနဲ့ အမေရဲ့အဖြစ်ကို မြင်ပြီး မသန်းမွှေးလေးလည်း သွက်သွက်ခါအောင်ရူးသွားတော့တာပါပဲကွယ်...
သာမောင်တစ်ယောက်ကတော့ ထောင်ထဲရောက်နေလေရဲ့.....
မသန်းမွှေးလေးကတော့ ပြီးခဲ့တဲ့နှစ်က ရွာထဲမှာပဲလှည့်ပတ်ပြီးနေတာပါပဲ...ဟိုအိမ်ကကျွေးတာစား သည်အိမ်ကပေးတာစားနဲ့ နေနေရင်းက ရွာကနေပျောက်သွားလိုက်တာအခုချိန်ထိပါပဲ....ကားလမ်းဖက်ရောက်ပြီး ကားတွေဘာတွေနဲ့များ ပါသွားလေသလားလည်းမပြောတတ်တော့ပါဘူးငါ့မြေးရယ်....
အင်း...သတ္တဝါတစ်ခုကံတစ်ခုပေါ့ကွယ်...မသမာသူတွေရဲ့လက်ထဲမရောက်ပါစေနဲ့လို့ပဲဆုတောင်းရတော့တာပါပဲ...
မသန်းအေးကလား...အင်း...မသန်းအေးကတော့ ဟိုအထက်ဖက်က ရွှေရင်ကျော်ဆရာကြီးတစ်ယောက်ရောက်လာပြိး စီမံပေးလိုက်တာ ဝဋ်ကျွတ်သွားရှာပါတယ်...
အောက်လမ်းဆရာလည်း ဟိုဆရာကြီးကို မနိုင်တော့ ရောက်လာပြီး ဝန်ချတောင်းပန်လို့ ထွက်သွားတော့တာပေါ့...
အဖြစ်တွေကလည်း ရင်နင့်စရာပါလားဘိုးလေးရယ်....
အေးကွယ့်ငါ့မြေးရဲ့....အယူမှားတော့ ဒုက္ခများရတာကလား...တကယ်တော့ ဘုရား တရား သံဃာမှတပါး ကိုးကွယ်ရာမရှိပါဘူးလေ....
နောက်ပြီး ဒီလို အောက်လမ်းပညာ စုန်း ကဝေပညာတွေဆိုတာကလည်း တစ်ဘဝစံတွေပါပဲ..ဘယ်တော့မှလည်း လူမွှေးလူတောင်ပြောင်တယ်လို့မရှိဘူးငါ့မြေးရဲ့....
ဟုတ်ကဲ့ပါဘိုးလေး...ကျတော်သေချာမှတ်ထားပါ့မယ်... ခုလိုအပင်ပန်းခံပြီး ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုးလေး...
ကဲ..ငါ့မြေးလည်း ရွာထဲလျှောက်ကြည့်ချင်ကြည့်လိုက်ပါဦး...ဘိုးလေးလည်း လုပ်စရာလေးရှိသေးလို့ လုပ်လိုက်ဦးမယ်ကွယ်....
ဟုတ်ကဲ့ ကောင်းပါပြီဘိုးလေး.......။
U U Nyi Naing(ရေးခံစား၍ရေးသည်)
အကောင်းအဆိုးနဲ့လိုအပ်တာလေးများဝေဖန်ပေးကြပါဦးဗျာ.....
အားလုံးကိုကျေးဇူးပါ.....
No comments:
Post a Comment