ဒီဇာတ်လမ်းလေးကို ရေးရနိုးမရေးရနိုးနဲ့ စာရေးသူ အရမ်းဒွိဟဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်... စာရေးသူ ငယ်ငယ်က စာရေးသူ ကိုထိန်းတဲ့ ခလေးထိန်း အဖွာကြီးရှိခဲ့ဖူးတယ်.သူနာမည် ကဖွားစောတဲ့။ အခုတော့ဆုံးသွားတာကြာခဲ့ပါပြီ။ သူက ပြောပြခဲ့ဖူးတာ.အဲ့လို စာရေးသူကို ထိန်းတဲ့ အရွယ်ကတည်းက ဖွားစောက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်လောက်ရှိနေပြီဆိုတော့လေ။ .လူကြီးတွေသိတော့ဖွားစောကိုဆူတယ် ခလေးကိုဘာပုံပြင်တွေပြောပြနေတာလဲ ခလေးကြောက်နေမယ်ဘာညာပေါ့။ ဒါပေမဲ့ စာရေးသူ ကလဲငယ်ငယ်ကတည်းက သရဲတစ္ဆေအကြောင်းဆို စိတ်ဝင်စားတာ အရွယ်နဲ့ မလိုက်အောင်။ ဒါကြောင့် လူကြီးတွေလစ်ရင်ဖွားစောကို.သရဲပုံပြင်တွေတပုံပြီးတပုံပြောပြခိုင်းတာ ဖွားစောကလဲ သူသိသလောက်ကြားဖူးနားဝ သရဲတစ္ဆေတွေ အကြောင်းစုန်းကဝေတွေအကြောင်းပြောပြတယ်။ တခါတော့ အိမ်မှာ ဖွားစောရယ်... ကျမရယ်... ကျမက အသက် ခုနှစ်နှစ်ရှစ်နှစ်လောက်ပဲရှိဦးမယ်..။ လူကြီးတွေက မိတ်ဆွေ တယောက်ရဲ့ Wedding Dinner တခုသွားနေတာ ညမိုးချုပ် နေပြီ တခြားအိမ်ဖော် အမကြီးတွေလဲ မိုးအေးအေးနဲ့ အိပ်နေကြပြီ ကျမက..ဖွားစောကို သရဲ အကြောင်းပြောပြခိုင်းရော..ဖွားစောက ပထမအင်တင်တင်ဖြစ်နေတယ် မိုးချုပ်နေတော့ ခလေးကိုသရဲအကြောင်းပြောလို့ ကောင်းပါ့မလား ပေါ့လေ..ဒါပေမဲ့ ကျမက အတင်းပြောခိုင်းတော့.... သူလဲ ပြောပြတော့တယ် ပြီးတော့မှာတယ် ဖွားစောပြောပြီးရင် မီးမီးမကြောက်ရဖူးနော်တဲ့.. ကတိကဝတ်ပြုပြီးမှ ပြောပြတော့တယ်.....စာရေးသူက အဲ့တုန်းက ငယ်ငယ်လေးပေမဲ့ ဒီဇာတ်လမ်းလေးကို စိတ်ထဲစွဲနေခို့ မှတ်မိနေတယ်။ အခုထိလဲ သူများတွေကို ပြန်ပြောပြဆဲပဲ... အခုစာဖတ်သူတွေကိုလဲပြောပြချင်တာနဲ့...
ဖွားစောက ရန်ကုန်က မဟုတ်ဘူး.. သူနေတာ ဟိုးအညာဒေသတဲ့။ အဲ့ တုန်းက သူတောင်မွေးသေးဘူးတဲ့။ သူ့ကိုသူအဖွားကပြန်ပြောပြလို့သိတာတဲ့.. အဲ့အ ဖြစ်ပျက်ဖြစ်ခဲ့တာက ဖွားစောတို့နေတဲ့ အညာဒေသရဲ့ တနေရာတဒေသမှာဆိုပါတော့လေ။ အဲ့ အချိန်ကာလက.. English Colony ခေတ်တဲ့ ၁၉ရာစုနှောင်းပိုင်းပေါ့နော်။ တိုင်းပြည်ရေးက မငြိမ်မသက်...ကြားထဲ အဲ့ အချိန်က သရောကြီးခိုင်းတယ်တဲ့... သရောကြီးခိုင်းတယ်ဆိုတာ ကပ်ရောဂါဆိုးတွေကျရောက်တာကိုခေါ်တယ်တဲ့ ဥပမာ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကျောက်ရောဂါ စသဖြင့် ပေါ့လေ။ အဲ့လို သရောကြီးခိုင်းပြီဆို ရွာလုံးကျွတ်သေကြတာ ပဲ.. ရွာတခုလုံးပျက်ဆိုပဲ။ ပြီးတော့ နိုင်ငံရေးကလဲ English အစိုးရကို ရရာလက်နက်ဆွဲတိုက်ပွဲဝင်ပါမယ်ဆိုတဲ့ မျိုးချစ်တွေက စစ်ရေးစစ်သွေးတကြွကြွ... ရရာလက်နက်စွဲပြီး နယ်ချဲ့ကို ပုန်ကန်ခြားနားလေတော့ ဟိုနေရာမှာ ထစ်ခနဲ သတ်ကြဖြတ်ကြ..ဖမ်းမိရင်လဲ သေဒဏ်ပေးခံရနဲ့ မျိုးချစ်တွေရဲ့ဘဝရင်နာစရာပါ။
အဲ့... အဲ့... အချိန်ကာလက မှာ အဲ့ နယ်တဝိုက် တနယ်တနယ်လှည့်ပတ်ဖျော်ဖြေခဲ့တဲ့ မင်းသား စိန်ရောင် ဇာတ်အဖွဲ့ဆိုတာ ရှိခဲ့ဖူးတယ်။... စိမ်ရောင်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်က သိတယ် မဟုတ်လား စိန်ရောင်ရွှေရောင်ထွန်းလင်းပြောင်ဆိုတဲ့ သဘောမျိုးကိုဆိုလိုတာ။ အဲ့ခေတ်ကာလတော့ ကာလသားသမီးတွေ အသဲစွဲ မြေဝိုင်းသဘင်ပေါ့နော်။
နိုင်ငံရေးက မအေးမချမ်းဆိုတော့ မင်းသားချောစိန်ရောင် ရင်ထဲလဲ မငြိမ်းချမ်းနိုင်ဘူး။ အခုဆိုဇာတ်မကရတာ လချီပေါ့ အင်းလေ ဘယ်အရပ်ဘယ်နယ်ကရော ဒီလို တိုင်းရေးပြည်ရာ မငြိမ်သက်ချိန်မှာ...ဇာတ်ကြည့်ဖို့လာဌားမတုန်း။ ဒီတော့ မင်းသား ချောခမျာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝကနေ အိမ်တွင်းပုန်းပြီး တောင်ရှည်ပုဆိုးတွေ ခြမစားအောင်တနေ့တနေ့ နေထုတ်ပြလှမ်းနေရတယ်။ ဟော... သိပ်တော့ မကြာဘူး ကံကောင်းချင်တော့ ရွာတရွာက ဘုရားပွဲမို့ ဇာတ်အဖွဲ့လာဌားတယ် နှစ်ညလောက်တော့ကပြရမယ်တဲ့ ဇာတ်ဆရာနဲ့တောင်ဈေးညှိပြီး အဆင်ပြေပြီးသားမို့ သွားကြရုံပဲ... ဒါကြောင့်မင်းသားလဲ ဝမ်းသာသွားတယ်ပေါ့လေ။ ဒါပေမဲ့ ခက်တာက လာဌားတဲ့ ရွာက ဝေးတယ်ခေါင်တယ်...ကြားထဲမှာလဲ လူခြေသူခြေပြတ်တယ်ဆိုတော့ တော်ကြာဓားမြတိုက်ခံရမလား...ပစ်ဟယ်ခတ်ဟယ်ကြား မြေဇာပင်ဖြစ်မလားတွေးပူရသေးတယ်။ ဒါပေမဲ့ လာဌားတဲ့ ရွာက ရွာသူကြီးကိုယ်တိုင်လိုက်လာပြီးပြောသွားတာက.ရွာကဝေးတယ် ဒါပေမဲ့ လမ်းမှာမှောင်သွားလို့များ တခြားရွာတွေဘာတွေမှာ ဝင်အိပ်တာ ဝင်တည်းတာတွေမလုပ်ပါနဲ့တဲ့။ ဘယ်လောက်မိုးချုပ်ချုပ်ခရီးသာဆက်ခဲ့ပါ..ပင်ပန်း ရင်တော့ လမ်းခုလပ်မှာသာနားပါ ဘယ်ရွာမှာမှ ညအိပ်ညနေ မနားပါနဲ့တဲ့...။ အင်းပေါ့လေ.. ဘာလို့မှန်းမသိ ပေမဲ့ ဇာတ်ဆရာရော ဇာတ်မင်းသားရော..ခေါင်းတော့ ငြိမ့်လိုက်ကြတာပဲ။
နောက်တနေ့တော့ ဝန်စည်စလွယ် အပြည့်စုံ ဆိုင်းတွေဗုံတွေ အကုန်တင်လို့ နွားလှည်းတွေနဲ့ တသီတတန်း ခရီးထွက်လာတော့တယ်။ မင်းသားကတော့ လှည်းပေါ်မှာ ထိုင်ရင်းပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာလို့ဖွာလို့ အတွေးရေယဉ်ကျောမြောနေတယ် သူ့ အာရုံနဲ့သူ...နောက်ကပါလာတဲ့ လူရွှင်တော်နှစ်ယောက်က အချင်းချင်း ရောက်တတ်ရာရာပြောနေကြတာ သူကြားတချက်မကြားတချက်...
""ဘာလို့များ သူကြီးက ကျုပ်တို့ကို လမ်းမှာ မနားနဲ့ ဘယ်ရွာမှမဝင်နဲ့လို့ မှာလဲ မသိဘူးနော်...''' လူရွှင်တော် ဘိုးစည်က အာချောင်လိုက်တော့ လူရွှင်တော် ဘိုးပိန်ကလဲအားကျမခံ..
""ဒါတော့ အကြောင်း ရှိလို့နေမှာပေါ့ ဗျ... ဘယ်သူ ကအကြောင်းမဲ့တော့မှာမလဲ...'''
"ဒါတော့ဒါပေါ့လေ.. နို့ပေမဲ့လို့... ရွာတခုခုကို လမ်းကြုံဝင်မိတော့ဘာဖြစ်မယ်တုန်း...''
"ဒါတော့ မသိဘူးလေ ဝင်ကြည့်မှ သိမှာပဲ...''' စိန်ရောင်ကတော့ လူရွှင်တော် နှစ်ယောင်ပြောနေကြတာကို ကြားနေပေမဲ့ အာရုံမရှိတော့ မကြားသလိုဖစ်နေလေတယ်။
ဒီလိုနဲ့ ခရီးဆက်လာရင်း မှောင်စ တဖြေးဖြေးပျိုးလာတယ်။ နွားတွေလဲ မောဟိုက်နေသလို ခရီးလမ်းကြမ်းလို့ လူတွေလဲ နွမ်းနယ်လာတယ်။
လမ်းမှာ နားချင်ပေမဲ့ ဇာတ်ဌားတဲ့ ရွာက သူကြီး အမှာပါးထားတဲ့ သတိစကားကြောင့် ဇာတ်ဆရာရော လှည်းသမားတွေပါတွေဝေနေကြတယ်။ သိပ်မကြာပါဘူး သူတို့ လှည်းတန်းရှည်ကြီး တအိအိ တငြိမ့်ငြိမ့် ခရီးဆက်ရင်း မှောင်သထက်မှောင် လရောင်ကြယ်ရောင်တို့လဲ မင်းသားစိန်ရောင်သွားရာလမ်းမှာထွန်းလင်းလာလို့ရယ်။ မကြာခင်သူတို့ မီးရောင်တွေထိန်ထိန်လင်းနေတဲ့ ရွာကြီးတရွာ အနားရောက်လာကြတယ်။ သူတို့ ဒီရွာကနေ ဖြတ်မှကို ဖြစ်မှာ... နားတာမနားတာက တကဏ္ဏ...
ရွာကတကယ့်ကို ရွာကြီးပဲ...ကညင်ဆီမီးတိုင်တွေလင်းထိန်လို့ ရွာတန်းတလျှောက် ခလေးတွေက ကစား.. ခြေတန်းရှည် အိမ်ကြီးတွေရဲ့ ကွပ်ပျစ်တွေမှာ အဖိုးအိုတချို့က အကြမ်းရည်သောက်လို့ စကားဝိုင်းဖွဲ့နေကြသလို မိန်းမတချို့ကလဲ ဆန်ကွဲပြာရင်း သန်းတုတ် အတင်းတုတ်။ စိန်ရောင်တို့ ဇာတ်အဖွဲ့လှည်းတွေလဲ နားရကောင်းနိုး မနားရကောင်းနိုး လူရောနွားတွေရောကတော့ ခေတ်စကားနဲ့ပြောရရင် ပျိုင်းနေကြပြီပေါ့လေ ခက်တာက ဟိုရွာသူကြီးအမှာတော်စကားကလဲရှိနေသေးတော့...
""မိတ်ဆွေတို့က ခရီးသွားတွေလား... ကြည့်ပါဦး... လှည်းတွေရော လူတွေရော အများကြီး ပါလား...''
အသက်ခြောက်ဆယ်လောက် လူကြီးတယောက်က ရှေ့ဆုံးက စိန်ရောင်တို့ စီးလာတဲ့ လှည်းကို တားရင်းပြောတယ်။ လူကြီးပုံက နှုတ်ခမ်းမွေးကားကား တိုက်ပုံရင်ဖုံး သျှောင်တစောင်းနဲ့ တကယ့်ရှေးဗမာကြီးတယောက်ပုံ... လူပုံကလဲ သန့်ပြန့်နေတယ်။ ကြည့်ရတာ ဒီရွာရဲ့ သူကြီးတို့ဘာတို့ အကြီးကဲ ဖစ်မယ်ထင်ရတယ်။ စိန်ရောင်တို့လဲ မကောင်းတတ်တာနဲ့ လှည်းကိုရပ်ပေးလိုက်ပြီး...
"ဟုတ်တယ်ဗျို့... ကျုပ်တို့က ခရီးသွားတွေပါ ပြောရရင် ဇာတ်အဖွဲ့ပါ
ခရီး သွားရင်း လမ်းမှာမှောင်နေလို့..'''. နောက်ကပ်လျက်လှည်းမှာပါလာတဲ့ ဇာတ်ဆရာ ဦးပုံက ဝင်ပြောတယ်။
""ဘယ်ရွာသွားကြမလို့တုန်း ဗျ...''
အဖိုးကြီးက ဆက်မေးတယ်။
"ပြောရရင်... သစ်ခြောက်ကုန်း ရွာ ကိုပဲဗျ.. ''
"အင်း... သစ်ခြောက်ကုန်း က ဝေးသေးသဗျ... ဒီကမိတ်ဆွေကြီးတြို သွားမယ်ဆို မနက်ကျမှရောက်မှာ... မိတ်ဆွေတို့ကြည့်ရတာ ခရီးပန်းလာကြတဲ့ ပုံကိုး။ ဒါဖြင့် ဒီရွာမှာ တညတည်းပြီးမှ ခရီးဆက်ပါလား ကျုပ်ကစေတနာနဲ့ပြောပါတယ်။ ။''
အဖိုးကြီး ရဲ့ ဖော်ရွေပျူဌာ ကမ်းလှမ်းမှုကြောင့် ပထမတော့သူတို့ အားတက်သွားတယ်နောက်မှ သစ်ခြောက်ကုန်းက သူကြီးပြောစကားကလဲ ရှိနေပြန်တော့ အကျပ်ရိုက်ရတယ်။ ဒါကို ရိတ်မိဟန်တူတဲ့ ဒီရွာက သူကြီးဆို သူအဖိုးကြီးကလဲ အတင်းကို ဖိတ်မန္တက ပြုနေလေတော့ အားနာလှပြီလေ။
ဒါနဲ့ပဲ မကောင်းတတ် ကောင်းတတ်ကြောင့် သူတို့အားလုံး ဒီရွာမှာ တညတာ တည်းခိုဖို့ ခေါင်းငြိမ့်သဘောတူလိုက်ကြတော့တယ်။
ရွာသူကြီးဆိုသူ က ဒီရွာနာမည်က ထန်းလက်ကုန်းတဲ့ သူနာမည် ဘိုးဝဆိုပဲ။.. သူတို့ ဇာတ်အဖွဲ့တဖွဲ့လုံးကို ထမင်းတွေ ဟင်းတွေနဲ့ ဧည့်ခံတယ်။ မင်းသားစိန်ရောင်နဲ့ ဇာတ်ဆရာကိုတော့ သူတို့ အိမ်ပေါ်မှာ တည်းခွင့်ပြုပြီး ကျန်အဖွဲ့သားတွေကိုတော့ တခြား အိမ်နီးချင်း အိမ် တွေမှာလူစူခွဲတည်းလိုစေတယ်။
သူကြီး ဦးဘိုးဝမှာ တဦးတည်းသော သမီးလေး မယ်ခင် ဆိုတာ အင်မတန် ချော အင်မတန်လှတယ်။ တကယ့် ယမင်းရုပ်လေးလားပဲ အသက်ကလဲ ဆယ်ကျော်သက် ကျော်စ နှစ်ဆယ်ပတ်ဝန်းကျင်ပေါ့လေ။ မယ်ခင်က ထမင်း ဟင်းတွေခူးခပ်ပေးရင်း မင်းသားချောစိန်ရောင်ဆီမှာ ပဲ မျက်လုံးရောက်ရောက်နေတယ်။ မင်းသားချောအနေနဲ့ကလဲ ဒီ မိန်းခလေး ကြည့်နေပုံကို ထောက့ရင် သူ့အပေါ်စိတ်ကစားနေပြီဆိုတာ ရိတ်မိရဲ့... ထမင်းစားသောက်ပြီးတော့ ဇာတ်ဆရာ လဲ ပေးထားတဲ့ အခန်းထဲဝင်အိပ်ပြီ သူကြီး ဘိုးဝကလဲ
"ကဲ... သမီး မယ်ခင် နင်ဇာတ်ကြိုက်တယ်ဆို ပွဲကြိုက်တယ်ဆို... ဒီအကို ကဇာတ်မင်းသားဟဲ့..နင်မေးချင်ရာမေးစမ်း'' ဆိုတမင်တကာ မင်းသားနဲ့သြူ သမီးကို ထားခဲ့ပြီး အိပ်ရာဝင်သွားတယ်။
မီးရောင်မှိန်မှိန်အောက်မှာ..
ဖြူစင် ဝင်းမွတ်နေတဲ့ အသားရေနဲ့ မယ်ခင်လေးက ပိုလှနေသလို နှစ်ယောက်သား ဇာတ်အကြောင်းအက အကြောင်းတွေ တွတ်တီးတွတ်တာ စကားတွေပြောကြဆိုကြ နဲ့ပေါ့လေ။ မီးခွက်မီးက တဖြေးဖြေးကုန်ခါနီးနေပြီ...
အဲ့ အချိန်.. မယ်ခင်တာက် စကားပြောနေရင်း အဟင့်ဆို တချက်ရီလိုက်တာ သွားထက်ခလေးပေါ်လို့... သွားထက်လေးက တဖြေးဖြေး ရှည်ရှည်လာတာ... အစွယ်ဖွေးဖွေးကြီး ဖြစ်လာသရောင်။ အလိုလေး... မင်းသား စိန်ရောင် မီးခွက်ကို လက်ကမြှောက်လို့ အသေချာ ပြူးပြဲကြည့်တယ် မယ်ခင်လေးက နဂိုအတိုင်းပါ သွားထက်လေးတွေပါပဲ... အစွယ်ကြီး မဟုတ်ပါဘူး။ ဪ သူမျက်စိမှားသလား မီးရောင်ကလဲ မှိန်တာကိုး..သူကလဲ အိပ်ရေးပျက်ထားတာဆိုတော့ကာ...
နောက် မယ်ခင်က ဖျတ်ခနဲ ခေါင်းလေးကို လှုပ်ရမ်းလိုက်တော သူမခေါင်းပေါ်မှာ...ခေါင်ရမ်းပန်း အနီရဲကြီးပန်လို့ .. ထုံးစံအတိုင်း မင်းသားမျက်စိ ပြူးပြဲ ပွတ်သပ်ကြည့်တော့ ဪ...နှင်းဆီပန်း အနီရောင်ပါလေ။ နောက်တော့ ကောင်မလေးက ခြင်ကိုက် တယ်ဆိုပြီး သူမလက်ဖွေးဖွေးလေးကို ဖျတ်ခနဲ ပွတ်သပ်လိုက်တော့... အရိုးဖြူဖြူတွေငေါထွက်နေတဲ့ လက်ချောင်းကြီးတွေ... စိန်ရောင် အသေချာ မျက်လုံးပြူးကြီးတော့မှ မဟုတ်ပါဘူး သာမာန် လူလက်ပါပဲ။ သူ... ဘာတွေဖြစ်နေတာလဲ အိပ်ရေးပျက်ပြီး ကြောင်နေပလား။
"အကို.... အကို... ဘာဖစ်နေတာလဲ အကိုရယ်..ဟီးဟီး..''
မယ်ခင်က ပြောပြောဆိုဆို စိန်ရောင်နှာခေါင်းကို စသလို နောက်သလို ဆွဲလိုက်တော့... အမလေး... သူမ လက်ထဲမှာ သူ့နှာခေါင်းကြီးပါသွားတယ်....
"အား.... အမလေး... ငါ့ ငါ့ နှုတ်ခေါင်း....'''
သူ အထိတ်ပြာပြာ သူနှာခေါင်းသူ ပြန်စမ်းတော့..အဲ့... မဟုတ်သေးပါဘူး သူ့နှာခေါင်းက သူ့ မျက်နှာမှာ သူ့နေရာ အတိုင်းရှိနေသေးတယ်။ဒါဆို ခုနက သူ... မျက်စိမှောက်ပြန်တာလား?..
"အကို... နေကောင်းရဲ့လား ဘာတွေဖြစ်နေတာလဲ...ဪ... အကို ကချစ်စရာကောင်းရဲ့နော်..''' မယ်ခင်ကပြောပြောဆိုဆိုနဲ့ ပိုင်စိုးပိုင်နင်းရုတ်တရက် သူ့နားရွက်နှစ်ဖက်ကို ဖျတ်ခနဲ ဆွဲလိုက်တယ်။ အမလေး..... သူ့နားရွက်နှစ်ဖက်လုံးပြတ်ပြီး သူအလက်ထဲပါသွားပါပေါ့လား... သူ အထိတ်တလန့် နဲ့ သူ့နားရွက်တွေသူ ပြန်စမ်းတော့ နေရာမှာရှိနေပါတယ်။ သူ...သူ ဘာတွေဖြစ်နေတာလဲ ဘုရားကယ်တော့မူပါ..။ သူအလန့်တကြား ဘုရားစင်ကို အားကိုးတကြီး လှမ်းကြည့်မိတော့ ပန်းတွေဝေဆာနေတဲ့ ဘုရား စင်မှာရှိနေတာ ဘုရားဆင်းတုတော် မဟုတ်ဘူး။ သံလျက်ကို ထမ်းပြီး ဒူးတဖက်ထောင်လို့ ဆောင့်ကြောင့်ထိုင်နေတဲ့ ဘီလူးရုပ်ကြီး.... စိန်ရောင်အရမ်းလန့်ပြီး မယ်ခင် မျက်နှာကို.ဖျတ်ခနဲ ကြည့်မိခါမှ...ခုနက နတ်မိမယ်လို လှပနေတဲ့ မယ်ခင့် မျက်နှာက သေပြီးကြာလို့ အရိုးကျနေတဲ့ အလောင်းကောင်မျက်နှာကြီး...မျက်လုံးတွေကလဲ မရှိတော့ပဲ ဟောက်ပက်ကြီး။နှုတ်ခမ်းသားတွေလဲမရှိတော့ပဲ သွားဖြူဖြူတွေသာ အထင်းသား... ဒီကြားထဲ အစွယ်ကြီးတွေကငေါထွက်လို့...ဒီတခါသူ...သူမျက်စိမမှားတော့ဘူး ဘယ်လို ကြည့်ကြည့် သရဲတစ္ဆေမ ရုပ်ကမပြောင်းတော့ဘူး။
""ဟီး...ဟီး...ဟီး...အကို... ကျမ က အကို့ကို ချစ်လို့ပါတကယ်ချစ်လို့ပါ... ကျမနဲ့ ဒီရွာမှာနေပါနော်... ဟီးဟီးဟီး...'''' မယ်ခင်ဟာ အခနက ချိုသာတဲ့ မိန်းခလေးအသံလေးနဲ့ မဟုတ်တော့ပဲ အော်ရှကွဲအက်တဲ့ အသံနက်ကြီးနဲ့ စိတ်နှလုံးမသတီစရာ ပြောလာတယ်။
"""အား.... အမလေးဗျာ..''' စိန်ရောင်လဲ ဘာမှထပ်မတွေးနေတော့ပဲ သုတ်ခနဲ ထိုင်နေရာက လှမ်းအထ..ဖျတ်ခနဲ မယ်ခင်က သူ့ခြေထောက်ကိုလှမ်းဖက်ထားတယ်။ သူရုန်းရခက်လောက်အောင်သူမရဲ့ ခွန်အားကကြီးမားနေတယ် စိန်ရောင်ကြောက်စိတ်တွေက ငယ်ထိတ်တက်မွှန်နေပြီး..
"""အား... လွှတ်...လွှတ်... သရဲမ...တစ္ဆေမ.. ငါ့ကိုလွှတ်...'''
"""ချစ်လို့ပါ အကိုရယ် ချစ်လို့ပါ... မယ်ခင်လေးကို မထားခဲ့ပါနဲ့ မယ်ခင်လေးကို သနားပါအကိုရဲ့..ချစ်လှချည်ရဲ့ အကိုရဲ့..'''
သးဘယ်လောက်ရုန်းရုန်း သရဲမရဲ့လက်တွေက သူ့ခြေထောက်အစုံကို ပြုတ်တူတွေလို မြဲမြံစွာ ညှပ်ထားပြီး ဆွဲထားတော့ ရုန်းဖို့နေနေသာသာ လုံးဝမလှုပ်နိုင်တော့ဘူး။.
"""ဟာ.... လင်တရူး သရဲမ...သေစမ်းဟဲ့..'' ပြောပြောဆိုဆို စိန်ရောင် လဲ လုပ်မိလုပ်ရာ ဖျတ်ခနဲ ခြေတဖက်လှုပ်လို့ရသွားတာနဲ့ သရဲမ မျက်ခွက်ကို ဆောင့်ကန်လိုက်တာ... ဗြုတ်ခနဲဆို...သရဲမ ခေါင်းကြီး ပြုတ်ထွက်ပြီး ကြမ်းပေါ်လိမ့်သွားတယ်။ ဒါပေမဲ့ ခေါင်းကြီးကသာလှိမ့်ထွက်သွားတာ သရဲမ လက်နှစ်ဖက်က သူခြေထောက်တွေကို ခိုင်ခိုင်မြဲ မြဲဆွဲထားတုန်းပဲ။
"""အကို ရယ်... မယ်ခင့်ကို ပစ်မသွားပါနဲ့... ချစ်လို့ပါနော်...တောင်းပန်ပါတယ် ....'''' ခေါင်းတခြား ကိုယ်တခြားဖြစ်နေသည့်တိုင်သရဲမက ကြုံးဝါးနေဆဲ..။ စိန်ရောင်လဲ နောက်ဆုံးခေါင်းထဲဖျတ်ခနဲ ဝင်လာတာက ဘုရားစာ... ဟုတ်တယ် ဘုရားစာ... သူလဲ ချက်ချင်းဆိုသလို ဘုရားစာပေါင်းစုံရွတ်တယ်။ မထူးခြားပဲ သရဲမကဆွဲနေဆဲ... နောက်ဆုံး... အောင် တရာ့ရှစ်ကွက် ဗုဒ္ဓစက်...
"""အား အမလေး.... အဲ့တာ မရွတ်နဲ့ မရွတ်နဲ့...'''
သရဲမက အသံနက်ကြီးနဲ့ လှမ်းတားတယ်။ သရဲမတားလေ သူကရွတ်လေပဲ....။ နောက်ဆုံးသရဲမ တယောက်နာနာကျင်ကျင် စူးစူးဝါးဝါး အား ခနဲအော်ပြီး လွင့်ထွက်သွားတယ် သူခြေထောက်တွေလဲ လွတ်မြောက်သွားသလို.. သူ အာရုံတခုလုံးလဲ အလင်းတန်းတွေ ဖြာထွက်ပြီး သူ မိုက်ခနဲ ဖြစ်သွားပြီ ဘာမှမသိတော့ဘူး...။ သူမေ့သွားတာလား အိပ်ပျော်သွားတာလား... ဒါပေမဲ့ သူ မြူမှုန် တွေကြားမှာလမ်းလျှောက်နေတယ် မြုတွေက ရှေ့ကိုတောင်အသေချာ မမြင်ရအောင် ပိန်းပိတ်နေတယ်။ သူရှေ့ကို အရိပ်တခု တရွေ့ရွေ့ ချည်းကပ်လာတယ် အရိပ်သဏ္ဏန်က လမ်းလျှောက်လာတာမဟုတ်ပဲ လေထဲ မျောလွင့်လာတာ.. အသေချာ ပီပြင်လာမှကြည့်လိုက်တော့... ဟင်... မယ်ခင်...
ဒါပေမဲ့ မယ်ခင် မျက်နှာက ခုနကလို ကြောက်မက်စရာ သရဲတစ္ဆေရုပ်မျိုးမဟုတ်ပဲ နဂိုမူလအတိုင်း လှပချောမောနေတယ်။
"""အကို... မယ်ခင်... မယ်ခင် လေ အကို့ရဲ့ ပရိသတ်တယောက် ပါ။ မယ်ခင် အကို့ကို လူဘဝကတည်းက ချစ်ခင် စွဲလမ်း ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၄နှစ်လောက်က အကိုတို့ ဇာတ်ပွဲ ကြုံးမဝါးရွာမှာ လာကတုန်းက မယ်ခင်လာကြည့်ဖူးတယ် အကို ကတော့ မယ်ခင်ကို မသိပေမဲ့ မယ်ခင်ကတော့ အကို့ကိုချစ်တယ်။ အခုတော့ အကိုနဲ့ ကျမ ဘဝချင်းမတူတော့မှန်းသိပေမဲ့... ဇွတ်မိုက်လို့ ချစ်နေဆဲပါ.. အကို ကျမအတွက် နာမည်ခေါ်ပြီး အလှူ တန်းလုပ်အမျှဝေပေးပါနော်။''' အခုတော့ မယ်ခင်ဟာ သနားစရာ ဝိဥာဉ်မလေးဘဝနဲ့ သူ့ကို လာပြောနေရှာတယ်။ သူ...စိန်ရောင်ခေါင်းငြိမ့်မိတယ်။ သူတကယ်စိတ်မကောင်းတာပါ
ဖျတ်ခနဲ သူလန့်နိုးတော့ ပတ်ဝန်းကျင် ကို ကြည့်မိတယ်။ အလိုလေး သူတို့ရောက်နေတာ သချိုင်းကုန်းကြီးတခုထဲမှာပါလား။ သူ အိပ်ပျော်နေတာကလဲ မြေပုံတခုပေါ်မှာ...မြေပုံ ကဗည်းမှာ နာမည်ကရေးထားသေးတယ် ဘာတဲ့ မယ်ခင်...အသက် ၂၀နှစ်။ သူလဲရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ... ဝရုန်းသုန်းက အလူးလဲထ မြေပုံတွေဘေးခွေအိပ်နေတဲ့..သူ့ အဖွဲ့သားတွေ ကို အတင်းအော်ဟစ်နှိုးလိုက်တယ်။ သူ့အဖွဲ့သားတွေလဲ အခြေနေကို စောကြောမိမှာ အားလုံးလိပ်ပြာလွင့်မတတ်ထိတ်လန့်ကုန်တယ်။ အချိန်က အာရုံတက်စပြု နေပြီ...။ သူတို့လဲ ဝရုန်းသုန်းကား လှည်းတွေနဲ့ ဒုန်းစိုင်းပြေး ခရီးနှင်လိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက် သစ်ခြောက်ကုန်း ရွာကိုရောက်တော့တယ်။ ရွာရောက်တော့ အကြောင်းစုံပြောပြတော့ သူကြီးက အပြစ်တင်တယ်ဒါကြောင့်သူ လမ်းခရီးမှာ မနားခိုင်းတာပေါ့ဘာညာနဲ့ပေါ့လေ။ အကြောင်းစုံမေးကြည့်တော့ ညကသူတို့ရောက်ခဲ့တဲ့ ထန်းလက်ကုန်းဆိုတဲ့ ရွာကရှိခဲ့ဖူးတယ် ဒါပေမဲ့ အဲ့ဒီ့ရွာဟာ လွန်ခဲ့တဲ့ တစ်နှစ်က သရောကြီးခိုင်းတာ...ပုလိပ်ရောဂါကပ်ဆိုက်လို့ တရွာလုံးနီးပါးသေကြေခဲ့ရတာ မသေတဲ့သူလဲ ရွာပစ်ပြေးလို့ ရွာပျက်ကျန်ခဲ့သတဲ့လေ။ သေဆုံးသူတွေထဲမှာ ထန်းလက်ကုန်းရွာသူကြီး ဘိုးဝနဲ့ သူ့သမီးလေး မယ်ခင်တို့ပါပါခဲ့ သတဲ့။... စိန်ရောင်..ရင်ထဲ ကြောက်လန့်မိသလို ဝမ်းလဲနည်းမိတယ်။ ဪ... ငါ့ကို သရဲဘဝ ကျတ်တစ္ဆေဘဝရောက်သည့်တိုင်
စွဲလမ်းနေရှာတဲ့ တမလွန်ရွာသူ မယ်ခင်ရယ်။
ူ...စိန်ရောင်.. တနေ့တော့ အသက်ရှစ်ဆယ်ကျော် ဘုရားဒကာ ကျောင်းတကာကြီး ဦးစိန်ရောင် ဘဝရောက်တဲ့ အထိ
ဘာအလှူတမ်းလုပ်လုပ် ပြုပြုသမျှ ကုသိုလ်အဖို့ပါကကို မယ်ခင်ဆို သူ မိန်းခလေးအတွက်ရည်စူး အမျှဝေဆဲပါ။ သူပြုတဲ့ အလှူတန်းတွေမှာ ကဗ္ဗည်းထိုးတိုင်း မယ်ခင်တဲ့လေ။ လူတွေကမေးတယ် ဇနီးလဲမရှိသမီးလဲမရှိလူပျိုကြီး ဘုရားတကာကြီး ဦးစိန်ရောင် ရယ် မယ်ခင်ဆိုတာ ဘယ်သူလဲတဲ့။ ဒီမေးခွန်းကိုမေးတိုင်း ဦးစိန်ရောင် ဖြေလေ့မရှိဘူး ဖြေရင်လဲ ဇာတ်စုံခင်းပြတော့တာပဲ...။
မယ်ခင်လေးရယ် နောင်ဘဝများရှိခဲ့ရင် ကျတ်တစ္ဆေဘဝဆိုးက အမြန်လွတ်မြောက် ၍ ချစ်တဲ့ သူနဲ့ နီးစပ်ခွင့်ရပါစေ။
ပြီးပါပြီ ။ ။
ယက္ခဒေဝီ
No comments:
Post a Comment