ရွှေရင်ကျော်ဆရာကြီးဦးထွန်းသည် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ခန့်က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်လေးကို ပြန်ပြောင်း၍ အမှတ်ရမိသည်။ ထိုဖြစ်စဉ်လေးကို နှောင်းလူများ သတိချပ်မိနိုင်စေရန်အလို့ငှာ ယခု စာစီသူ Goodluck Zaw မှ ဖြစ်ရပ်မှန်ကို ပြန်လည်တင်ပြအပ်ပါသည်။
ထိုစဉ်အခါက …. လွန်ခဲ့သော အနှစ် သုံးဆယ်ကျော်က ….
ရွှေရင်ကျော်အထက်လမ်းပညာကို ယူထားသော ဆရာလေးမောင်ထွန်းသည် သတ္တဝါတို့၏အကျိုးကို ဆောင်ရွက်လျက် ရှိသည်။ သူသည် ရွှေရင်ကျော်ပညာကို ခုံမင်တွယ်တာလွန်း၍ ပညာယူထားပြီး ပယောဂလူနာများကို စတင်ကုသပေးလျက်ရှိသော်လည်း ဆရာဖြစ်သည်မှာ သိပ်မကြာသေး၊ ကုသရာတွင် အတွေ့အကြုံနည်းပါးနေသေးသောကြောင့် အနည်းငယ် မသိနားမလည်ခြင်းများ ဖြစ်ပေါ်ခဲ့လျှင် သူ၏ဆရာကြီးထံသို့ သွားရောက်မေးမြန်းခဲ့ရလေသည်။ ထိုသို့ မေးမြန်းပြီး ဆက်လက်ကုသလျှင် အောင်မြင်ခဲ့သည်ချည်း ဖြစ်လေသည်။ ထိုအောင်မြင်ခြင်းများထဲမှ ဘဝတစ်သက်တာတွင် မမေ့နိုင်သော အဖြစ်လေးတစ်ခုသည် ဖြစ်ပျက်ခဲ့သည်။
ဆရာဖြစ်ခါစ မောင်ထွန်းသည် အိမ်ရှေ့တွင် ထိုင်လျက် ရေနွေးသောက်နေခိုက် “ အေး … မောင်ထွန်းရေ ”
“ သြော ဒေါ်သန်း လာဗျာ ဘာကိစ္စ ” “ ငါတို့ရပ်ကွက်ထဲက မယ်အေးခင်လေ နင်သိလား ” “ သိပါ့ဗျား စကားပြော စွာကျယ် စွာကျယ်နဲ့ အတော်အပေါက်ဆိုးတဲ့ အေးခင်၊ မျက်စေ့မမြင်တဲ့အေးခင်မလား သိတာပေါ့ ”
“ အေး အဲဒါ အဲကောင်မ ဟိုးနှစ်ပိုင်းဆီက စပြီး ကွယ်လာတဲ့ မျက်လုံးကလေ လူပြုစားတာတဲ့ဟ ”
“ အယ် ဟုတ်ကဲ့လား ” “ အေးတော် ” “ ဒါနဲ့ လူပြုစားခံရလို့ မျက်လုံးကွယ်တယ်လို့ ဘယ်လို သိလဲဗျ ”
“ အာ … အေးဟယ် ခုမှတော့ မထူးတော့ပါဘူး။ ငါလည်း အခုအဲကိစ္စ လာခဲ့တာပဲ ငါ နင့်ဆီမလာခင် သူ အခြားဆရာနဲ့ ကု သတဲ့။ အဲဆရာက အေးခင်က ပယောဂမဟုတ်ဘူး၊ ကုမရဘူးဆိုလို့ လက်လျှော့သွားလို့ နင်များ ကုချင်မလားလို့ ”
“ ကျုပ်က ပယောဂနဲ့ ပတ်သက်လာရင် စိတ်ဝင်စားပြီးသားကြီးပါ ။ ဒါပေသိဗျာ သူတို့က ကုချင်စိတ်နဲ့ ပင့်မှ ကျုပ်က လိုက်မှာ” “ အေးပါဟယ် သူလည်း ပျောက်ချင်ရှာလို့ပေါ့အေ ငါ့ကို အပင့်ခိုင်းလိုက်တယ် ”
သို့နှင့် ဆေးအိတ်ဆွဲပြီးသကာလ ဆရာမောင်ထွန်းသည် အေးခင်မတို့အိမ်သို့ ရောက်သွားလေတော့သည်။
အေးခင်မ၏ အသက်ခန္ဓာ အအပ်ခံ၍ စစ်ဆေးကြည့်ရာ “ ဟဲ့ အောက်လမ်းတိုက်ပါဆို ခြေဆင်းကပ်စမ်း ” ခြေထောက်မှာ အကပ်မပြချေ။ ဆရာမှ အမိန့်ပေးလျှင် ပယောဂသည် ခြေထောက်တွင် အနည်းဆုံးတော့ လေးကန်လာရသည်ချည်းဖြစ်သည်။ “ ဟဲ့ စုန်းတိုက်ရှိရင် ကပ်ထား ” မကပ်ချေ ။ သို့နှင့် အခြားအတိုက် အစွဲများ စစ်မေးရာတွင်လည်း ခြေထောက်မှာ အကပ်မပြချေ။ ဆရာမောင်ထွန်းအကြံအိုက်သွားသည်။ သို့နှင့် ခေါင်းကုတ်ပြီး စဉ်းစားသည်။ ထိုစဉ် သူ့ဆရာကြီး ပြောသောစကားများ ကြားယောင်အမှတ်ရမိလိုက်သည်။
“ သား မင်း မြဲမြဲမှတ်ထားကွ မိစ္ဆာဆိုတာ သိပ်ကို ပရိယာယ်များသကွ ဆီလိုအပေါက်ရှာထွက်တဲ့အမျိုး ၊ မင်း ကုသတဲ့အခါ ဘာကိုမှ လက်လွတ်စံပယ် မလုပ်နဲ့ကွ”
“ အကယ်လို့ မင်းရဲ့ နှုတ်မိန့်နဲ့ ခြေအကပ်မပြလို့ ပယောဂ မရှိဘူးလို့ ဘယ်တော့မှ မပြောနဲ့၊ မတွေ့တာလို့ ပြော ကြားလား ”
“ အချို့ဆရာတွေများ လက်လွတ်စပယ်သိပ်လုပ်တယ်၊ ဒို့ဂိုဏ်းတော်ကြီး သိပ်စွမ်းတယ်၊ စွမ်းတော့ ဆရာတစ်ယောက်က နှုတ်မိန့်လေးနဲ့ ဆိုပြီး သွင်း ၊ အစွဲကဝင်ပူး ထုတ်ပေးသွားတယ်၊ အေး ဒီလိုမိစ္ဆာမျိုးကျတော့ ဟုတ်တာပေါ့ကွ၊ တခါတခါ လူနာက ပယောဂတကယ်ဖြစ်နေပြီး ခြေထောက်ကို မကပ်ရင် မင်းဘယ်လိုကုမလဲ မင်းဘယ်လိုကယ်မလဲ ”
“ အေး ငါ့သား နှုတ်မိန့်လောက်နဲ့ စစ်လို့မတွေ့လို့ မရှိဘူးမပြောလေနဲ့ ။ နှုတ်မိန့်နဲ့ မရရင် လက်နဲ့ ရွယ်ပြီး ဆွဲစစ်ပြီး ခြေကိုပို့ကွ။ လိုအပ်ရင် သူ့ခြေထောက်ကို ထိကိုင်ထား။ ဆံစကစ တစ်ကိုယ်လုံး သပ်ချ ဒီ …. နေ့သားနဲ့ ပတ်သက်တဲ့ မိစ္ဆာပယောဂစက်မှန်သမျှ ရှောင်နေခဲ့ရင် စကြဝဠာ ပြင်ပရောက်နေရင်တောင်မှ ငါ့လက်ထဲအရောက်ပို့ ……. ”
ဆရာထွန်း၏ အတွေးစများ ပြတ်သွားသည်။ စောစောက အကြံအိုက်နေသောစိတ်တို့သည် လွင့်စင်သွားလေသည်။ ဆရာ၏ပြောဆိုဆုံးမခဲ့သော စကားတို့ကြောင့် ဆရာထွန်း အားတက်လာချေပြီ။
“ ဟဲ့ ဒီတနင်္ဂနွေသမီးနဲ့ ပတ်သက်တဲ့ ပယောဂနဲ့ ပတ်သက်ဆက်စပ်သမျှ မိစ္ဆာကမ္မစိဒ္ဓိနဲ့ ပတ်သက်သမျှတို့ ရှိနေတာမှန်ရင် စကြဝဠာပြင်ပရောက်နေခဲ့ရင်တောင်မှ ငါ့လက်ထဲရောက်ခဲ့စမ်း ” ဟုဆိုကာ ဆံပင်မှစ၍ သပ်ချပြီး ခြေထောက်ကို လက်ဖြင့်ထောက်ထားလေရာ မိစ္ဆာစက်သည် ရှောင်တိမ်းမနေနိုင်တော့ပဲ ခြေထောက်တွင် အကပ်ပြရလေတော့သည်။
“ ဟဲ့ ချုပ်ထား၊ အောက်လမ်းစက် အောက်လမ်းတိုက်ပါရင် ကပ်ထား ” အေးခင်မသည် ခြေကို မြှောက်မရချေ။
အခြားအတိုက်အခိုက်များ စစ်ဆေးရာတွင်မူ မတွေ့။ အောက်လမ်းအတိုက်သာလျှင် တွေ့၏။ “ ဟဲ့ အောက်လမ်းလုပ်လို့ မျက်စေ့ထိထားတာဆိုရင် ကပ်ထားစမ်း ” သူမ၏ခြေသည် ကြမ်းနှင့် တစ်ပြေးတည်းကို ပြားပြားကပ်နေချေ၏။
“ ဟဲ့ အောက်လမ်းတိုက်မှန်ရင် ဂွမ်းလိုပေါ့စမ်း ” ခြေထောက်သည် မြောက်လာလေသည်။
ဆရာလေးမောင်ထွန်းသည် စောစောက သူနှုတ်မိန့်ပေးသော်လည်း အကပ်မပြပဲ ရှောင်နေသော အောက်လမ်းဆိုသူကို တစ်ကိုယ်လုံးဝင်ပူးခိုင်းပြီး ဆုံးမချင်စိတ်ဖြစ်လာလေသည်။ သို့နှင့် “ ဟဲ့ အောက်လမ်း စွဲရင်းအတိုင်း လာပူးစမ်း ” ဟုဆိုကာ မီးစက်ရေနှင့် ပစ်ပေါက်လေတော့သည်။ “ တစ်ကိုယ်လုံးခြုံပူးစမ်း ပူးစမ်း”
ထိုသို့ ပူးခိုင်းနေရာ နာရီဝက်ခန့်ကြာသော်လည်း ပူးမလာချေ။ ဆက်၍ ဆက်၍ ပူးခိုင်းနေရာ မပူး။ ဘေးကပင် လူများကပင် ပြုံးစိပြုံးစိ ဖြစ်ချေပြီ။ ဆရာမောင်ထွန်း အကြံအိုက်လာပြန်သည်။ စိတ်ထဲမှ တော်တော်ခေါင်းမာတဲ့ အောက်လမ်းပဲဟု ကောက်ချက်ချသည်။
“ ဟဲ့ ဒီ ပယောဂ ငါကုလို့ ပျောက်မလား ပျောက်ရင် ကပ်ထား ” သူမ၏ ခြေထောက်သည် ကပ်နေပြန်သည်။ ထို့ကြောင့် ဆရာထွန်း အားတက်လာပြန်သည်။ “ ဟဲ့ လုပ်ထားတာ အောက်လမ်းမှန်ရင် အောက်လမ်းစွဲရင်းအတိုင်း ခြေကို အရောက်ပြကပ်စမ်း ရှောင်တိမ်းခြင်း မရှိနိုင်စေရ။ ဆိုင်ရာပိုင်ရာ အပေါင်းတို့ ဘုန်းကြီးပါစေ ဆိုင်ရာပိုင်ရာက ထိုအောက်လမ်းကို မူလစွဲရင်းအတိုင်း ချုပ်တုပ်ပြီး ခြေကိုပို့ …. အေးခင်နင့်ခြေ .. မ .. ကြည့်စမ်း ” ခြေထောက်သည် မြောက်တက်သွားသည်။ အဲဗျာ အဲဗျာ …
“ ဟဲ့ အောက်လမ်းစက်များ ခြေမှာချုပ်ထား ကပ်ထား ” ခြေထောက်သည် ကပ်နေပြန်သည်။ “ ဟဲ့ အောက်လမ်း မလာနိုင်ရင် ခြေကပ်ထား ” ကပ်နေပြန်သည်။
“ဟဲ့ ငြင်းဆန်တာဆိုရင် ခြေကပ်ထား ” ခြေထောက်မြောက်သွားပြန်လေသည်။ ဆရာလေးမောင်ထွန်း စဉ်းစားခန်း ဝင်ရပြန်တော့သည်။
“ ဟဲ့ အောက်လမ်း မလာနိုင်အောင် တားထားသူရှိလား ရှိရင် ခြေအကပ်ပြ ” ခြေထောက်ကား မကပ်ပြန်။ ဒါဆို တားသူမရှိဟု ဆရာထွန်းသုံးသပ်သည်။ “ သူကိုယ်တိုင် မလာချင်သလား အဲဒါဆို ခြေအကပ်ပြစမ်း ” ခြေထောက်ကား မကပ်ချေ။ “ဟဲ့ အောက်လမ်း ကိုယ်တိုင်မလာနိုင်လို့ လာပြီးတစ်ကိုယ်လုံး မပူးတာဆိုကပ်ပြ ” ခြေထောက်ကား ကပ်နေပြန်သည်။ ဆရာလေးမောင်ထွန်း အကြံအိုက်ပြန်လေသည်။ စဉ်းစားရင်း စဉ်းစားရင်းဖြင့် အဲဒီအောက်လမ်းကို ဒေါသဖြစ်လာ၍ သေစေလိုသော စိတ်သည် တဒင်္ဂ ဖြစ်လာ၏။
ဟာ ဟုတ်ပြီ ။
“ ဟဲ့ ထိုအောက်လမ်းသည် သေဆုံးသွားပြီလား သေပြီးသားဆို ခြေကပ်ထား မလိမ်နိုင်စေရ ” ခြေထောက်သည် ကပ်ပြလေသည်။ “ ဟဲ့ အောက်လမ်းသေပြီးသားမို့လို့ တစ်ကိုယ်လုံးခြုံပြီး မပူးနိုင်တာဆို ကပ်ပြစမ်း ” ခြေထောက်သည် ကပ်နေပါတော့သည်။ ထိုအခါမှ ဆရာမောင်ထွန်း သက်ပြင်းချနိုင်လေတော့သည်။ ယခု ခြေထောက်တွင် ချုပ်မိထားသည်ကား ထိုအောက်လမ်း သက်ရှိထင်ရှားရှိတုန်းက လုပ်ထားသော အောက်လမ်းမိစ္ဆာစက်သာလျှင် ဖြစ်တော့သည်။
သို့နှင့် စောစောက ငါကုလို့ ပယောဂ ပျောက်မည်လားဟာ မေးရာ ပျောက်မည်ဟု အဖြေရသည်ဆိုသောကြောင့် စက်ဖြတ်အပင်းချရေစင်တော် တောင်းခံ၍ မျက်စဉ်းခပ်ရာ ထူးဆန်းစွာဖြင့် မျက်လုံးထဲမှ ကျောက်ခဲစလေးများ ထွက်ကျလာတော့သည်။ အကြိမ်ကြိမ် ခပ်၍ပေးရာ အေးခင်ထံမှ အားတက်ဖွယ်ရာစကားကြားရလေသည်။ “ ကျုပ် ဝါးတားတားလေး မြင်ပြီတော့ ”
သူမတစ်ကိုယ်လုံး စစ်ကြည့်ရာ မျက်လုံးမှလွဲ၍ အခြားနေရာ ပယောဂ မတွေ့ချေ။ သို့နှင့် ထိုရေစင်တော်ကို ဆက်ကာဆက်ကာ ခပ်ပေးရင်းဖြင့် အောက်လမ်းလုပ်ထားသော ပယောဂ အရှင်းစင်ကြယ်သွားပြီးသကာလ သူမသည် မျက်စေ့နှစ်ကွင်း အလင်းရသွားလေတော့သည်။
စက်ဖြတ်ရေ ချိုးပြီးနောက် သူမသည် ဝမ်းသာလွန်း၍ မျက်ရည်များကျလာပြီး “ ဒီလောက်ထူးတဲ့ပညာ ကျွန်မကို ပေးပါဆရာ ကျွန်မယူပါရစေ” ဟုဆိုလာသောကြောင့် ဆရာထွန်းမှာ အတော်ပင် ဝမ်းသာရလေသည်။ ကုသပြီးနောက် ရွှေရင်ကျော်ပညာကို ပေးအပ်ရန်သာ ကျန်တော့သည်။
နောက်တစ်ရက်တွင် ဆရာထွန်းသည် အေးခင်ကို ပညာပေးရန်အတွက် စုတ်တော်ဖြင့် သူမ မျက်နှာကို ရွယ်လိုက်ရာ အေးခင်မှ
“ ဟာ ဆရာ ဆရာ မမြင်ရတော့ဘူး ကျွန်မ မည်းလာပြီ မည်းလာပြီ မျက်လုံးက မမြင်ရတော့ဘူးဆရာ ”
ထူးဆန်းအံ့သြဖွယ်ရာ အေးခင်သည် သူမမျက်နှာကို လက်ဖြင့် အုပ်၍ ငိုကြွေးလေသည်။
ဆရာထွန်း ခဏစောင့်သည်။ ရေစင်တော်ဖြင့်မျက်လုံးကို ပြန်ခတ်သည်။ သို့သော်ငြား အကြောင်းမထူးချေ။ သူမခြေကို ပယောဂစက် ပြန်စစ်ရာ လုံးဝ မတွေ့ပါချေ။ ဆရာထွန်းစဉ်းစားရခက်ပြန်တော့သည်။ ပယောဂကား လုံးဝ စင်ကြယ်သွားလေပြီ။ သို့ပါလျက် အဘယ့်ကြောင့် ပြန်မြင်လာသော မျက်လုံးတို့သည် ဆေးတော်တင်ပညာယူတော့မည့်အချိန်ကျမှ ပြန်ကန်းရပါသနည်း ။ ဆရာထွန်း ထိုင်စဉ်းစားသည်။ အဖြေလုံးဝ ထွက်မလာခဲ့ပါချေ။ မိမိတတ်သမျှလည်း လုပ်ခဲ့ပြီးပြီ။ မကျေနပ်၍ ပယောဂကို တိတိကျကျ အစကနေ ပြန်စစ်သည်။ လုံးဝ မတွေ့ချေ။ ခက်ပြီ။
မျက်လုံးကန်းနေခြင်းသည် ပယောဂကြောင့်ဟု သေချာလျှင် ပြန်မြင်ရဖို့ အာမခံခဲ့သည်။ ယခု ပယောဂတော့ ကုပြီးလို့ စင်ကြယ်သွားပြီ။ ပြန်မြင်သော မျက်လုံး အဘယ်ကြောင့် ပြန်ကန်းရသနည်း မစဉ်းစားတတ်တော့ပါချေ။ သို့နှင့် ဆရာမောင်ထွန်းတစ်ယောက် လူနာကို အသာထား၍ သူ့ဆရာကြီးရှိရာမြို့သို့ ရထားဖြင့် သွားရောက်မေးမြန်းလေတော့သည်။ ထိုခောတ်က ယခုလိုမျိုး ဖုန်းဆက်သွယ်ရေး မလွယ်ကူသောခောတ်ဖြစ်၍ ကိုယ်တိုင်သွားရောက် မေးမြန်းရလေသည်။
ဆရာကြီးမှ ဆရာမောင်ထွန်း ပြောပြသော အကြောင်းအရာများကို စေ့စပ်သေချာစွာ မေးမြန်းနားထောင်ပြီး ငြိမ်သက်နေသည်။ ခဏကြာသော် အဖြေကို ပြန်လည်ပြောကြားလိုက်တော့သည်။ “ သား မင်းလူနာဆီက ရတဲ့ကန်တော့ငွေ အကုန်ပြန်ပေးလိုက်တော့ကွာ ” “ ဗျာ ဆရာကြီး ကျွန်တော့်မှာ ဘာလိုအပ်ချက်ရှိနေလို့လဲဆရာကြီး ” “ လူနာကို မင်းအာမခံထားတာက ပယောဂမှန်ရင် မျက်လုံးပြန်မြင်စေရမယ်လို့ မင်းအာမခံထားခဲ့တယ်မလား ” “ ဟုတ်ပါတယ်ဆရာကြီး၊ ပယောဂလည်း စင်သွားပြီ၊ ကျောက်စရစ်ခဲလေးတွေတောင် မျက်လုံးထဲက ထွက်ကျတယ်” “ မှန်တယ်ငါ့သား၊ မင်းကုတာ စင်ကြယ်ပါလိမ့်မယ်၊ ဒါကြောင့်မို့လို့ ပြန်မြင်လာတာ၊ ခဏနေ ပြန်ကန်းသွားတာကို မင်းနားမလည်တာမလား ”
“မှတ်ထား ငါ့သား အတိတ်ဝဋ်ကြွေးရှိသူ သို့မဟုတ် ပဉ္စာနန္တိယကံ ကျိုးပေါက်ထားသူကို ငါတို့တင်မက ငါတို့အဘတွေလည်း မကယ်နိုင်ဘူး၊ မင်းလူနာကို ပြန်မေးကြည့်၊ ထိုလူနာသည် အဖေတို့ပညာနဲ့ မထိုက်တန်ဖို့ အကြောင်းရှိထားလိမ့်မယ်၊ သူ့မျက်လုံးက ပယောဂကြောင့် ကန်းနေတာလည်း အမှန်၊ မင်းကုလို့ ပယောဂကင်းစင်ကြောင်း သက်သေတစ်ခုအနေနဲ့  သူ့မျက်လုံး ပြန်မြင်ပေးတယ်။ ဒါပေမယ့် သူ့ကံက သူ့မျက်လုံးကို တစ်သက်လုံးကန်းစေဖို့ ရှိနေခဲ့လို့ ဒို့ပညာနဲ့ ဒို့ဆေးတော်နဲ့ လည်း မတန်လို့ မမြင်ရတော့တာ သေချာပါတယ်သားရယ်။ မင်းမယုံရင် အဲကလေးမကို မမေးချင်ရင် အခြားလူကိုမေး အဓိကက သူ့မိဘကို ဘာတွေ စော်ကားခဲ့ဖူးသလဲဆိုတာပဲ ” “ ပညာနဲ့ မတန်လို့ စုတ်တော်နဲ့ ရွယ်ရာက ကန်းသွားရတာလားဆရာကြီး ” “ ပညာနဲ့ မတန်တာကမှန်လိမ့်မယ် စုတ်တော်နဲ့ ရွယ်လို့ ပြန်ကန်းတာရယ်မဟုတ်ပါဘူး၊ မင်းပညာ မပေးဖြစ်လည်း ပြန်ကန်းမှာပါပဲ ”
သို့နှင့် ဆရာလေးမောင်ထွန်းသည် ပြန်ရောက်ပြီးနောက် ထိုလူနာ အေးခင်နှင့် ပတ်သက်၍ စုံစမ်းရာ အေးခင်မှာ ဆရာကြီးပြောကြားခဲ့သလိုပဲ သူမ၏ ဖခင် အရက်သမားကြီးအား ကိုယ်ထိလက်ရောက် ရိုက်နှက်ပြောဆိုခြင်းတို့ကို မကြာခဏ ပြုခဲ့ကြောင်း သိရပြီးနောက် သူ့ကို ကန်တော့ထားသော ဆရာပူဇော်ကြေးကို ပြန်လည် ပေးအပ်လိုက်တော့သည်။
(ပြီး)
ဆရာ ဇော်မင်း
Credit. မူရင်း
No comments:
Post a Comment